တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မော်တာ ကျည်ကျရောက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့အပေါ် စစ်ကောင်စီသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ဆင့်ခေါ်ပြီးတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟာဆန်မာမွတ်က “ကျနော်တို့ မြန်မာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားခဲ့တာ၊ ဒါက လုံးဝ လက်ခံနိုင်စရာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မော်တာကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
မြန်မာစစ်ကောင်စီ သံအမတ်ကြီးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ခုလိုကန့်ကွက်မှုအပေါ် အစိုးရဆီ ပြန်လည်အကြောင်းကြားပေးသွားမယ်လို့ ပြောပါတယ်။
လတ်တလောအချိန်ထိ မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် ၂၂၉ ယောက်လောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုဝင်လာခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။
ဒါ့အပြင် မြန်မာဘက်က သူတို့လူတွေကို ပြန်လည်ခေါ်ဆောင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“အခုချိန်ထိ သူတို့(မြန်မာစစ်ကောင်စီ)ဘက်က သူတို့ရဲ့ ဝန်ထမ်းတွေကို ပြန်ခေါ်ဖို့ သဘောတူထားတယ်။ ရေလမ်းကပါ။”
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ တပ်ဖွဲ့ဝင်တချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
Source:bssnews