အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့သုံးဖွဲ့ ကြေညာထားတဲ့ ဘုံသဘောထားရပ်တည်ချက်ကို KIO လည်း ထောက်ခံပါဝင်လာတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလို ပြောဆိုခဲ့တာပါ။
ဘုံသဘောတူညီချက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ KNU၊ KNPP နဲ့ CNF တို့ ပူးပေါင်းထုတ်ပြန်ခဲ့တာပါ။
ဒီဘုံသဘောတူညီချက်ထဲမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တွေအပါအဝင် တခြားတော်လှန်ရေး အင်အားစုတွေ ပါဝင်လာရေးအတွက်လည်း ဆက်ပြီးကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ယာယီသမ္မတ ဒူဝါလရှီးလက "ဒီဘုံသဘောတူညီချက်ဟာ လောလောဆယ်အားဖြင့် K3C လို့ခေါ်တဲ့ KIO၊ KNU၊ KNPP၊ CNF တွေဖြစ်တဲ့ ကျနော်တို့ရဲ့ တိုင်းရင်းသားမဟာမိတ်အစုအဖွဲ့တွေကြားမှာ သဘောတူညီချက်အားဖြင့် ခိုင်ခိုင်မာမာ ရရှိထားတဲ့ အချက်တွေ ဖြစ်သလို ဆက်လက်ပြီးတော့ တိုင်းရင်းသား မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုရုံးသဘောတူညီစေမှုကို ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အဲသည်အထဲမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးတယ်လို့ ပြောချင်ပါတယ်။ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်အချိန်မှာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဧရိယာထဲက ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို ကျနော်တို့ စုစည်းတည်ဆောက်နိုင်ခဲ့သလို မြန်မာနိုင်ငံ တောင်ပိုင်းဧရိယာထဲက ကရင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို ကျနော်တို့ စုစည်းတည်ဆောက်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ဘက်က ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုအပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ဘက်က ကရင်နီတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ သဘောတူညီမှုကို စုစည်းပေါင်းစပ်နိုင်ခဲ့ကြပြီ ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဒီဘုံသဘောထား ရပ်တည်ချက်ထဲမှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ပတ်သက်လို့ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နဲ့ လုပ်ငန်းစဉ်ဆိုပြီး အဆင့်လိုက် ဖော်ပြထားတာကို တွေ့ရပါတယ်။
နိုင်ငံရေးလာသုံးသပ်သူတွေကတော့ စစ်အာဏာရှင်ပြုတ်ကျနိုင်ရေးအတွက် တော်လှန်ရေး အဖွဲ့တွေအကြား တွေ့ဆုံဆွေးနွေးပြီး တပ်ပေါင်းစုတည်ဆောင်နိုင်ဖို့အတွက် ရေးကြီးတယ်လို့ ပြောဆိုထားကြပါတယ်။