ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီကျော်က မြန်မာအလုပ်သမား အမျိုးသမီးတယောက် ဘိလပ်မြေကျောက်ပြားပိပြီး သေဆုံးခဲ့တယ်လို့ Phuket Times မှာ ဖော်ပြပါတယ်။
ဖူးခက်မြို့ရှိ Khayankarnkianti ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာအလုပ်သမား မအေးမြတ်သူဟာ နေမကောင်းဖြစ်ပြီး ခေါင်းမူးနေတာကြောင့် အလုပ်ရှင်ကို အိမ်ပြန်ဖို့ ခွင့်တောင်းခဲ့ပါတယ်။
အလုပ်ရှင်ကလည်း အိမ်ပြန်ဖို့ ခွင့်ပြုတဲ့အတွက် လက်သွားဆေးနေရင်းနဲ့ ၁၀၀ ဂရမ် အလေးချိန်ရှိတဲ့ ဘိလပ်မြေကျောက်ပြားတွေပေါ် လက်တင်မိတဲ့အချိန်မှာ ကျောက်ပြား ၄ ပြား ပြုတ်ကျပြီး ပိမိခဲ့ပါတယ်။
မအေးမြတ်သူကို အလုပ်မှာရှိတဲ့ တခြားမြန်မာအလုပ်သမားတွေက သန်လန်းဆေးရုံကို ပို့ဆောင်ပေမဲ့ ဆေးရုံအရောက်မှာပဲ သေဆုံးခဲ့ပါတယ်။
ဖူးခက်ရဲတပ်ဖွဲ့က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းမှာ ရှိနေတဲ့သူတွေကို စစ်ဆေးခဲ့ပြီး မတော်တဆ သေဆုံးမှု ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။