Home
မြန်မာသတင်း
ပုသိမ်တက္ကသိုလ် ၄ ခုမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ စစ်သင်တန်းတက်ရ
DVB
·
February 5, 2024
Pathein_05022024

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ တက္ကသိုလ် ၄ ခုမှ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖေဖော်ဝါရီ ၅ ရက် ဒီနေ့မနက်က စတင်ကာ အခြေခံစစ်ပညာ သင်ကြားရတယ်လို့ ပညာရေးအသိုက်အဝန်းက သိရပါတယ်။

အခြေခံစစ်ပညာ(ပထမနှစ်) သင်တန်းကို ဒီကနေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပုသိမ်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) နဲ့ ပုသိမ်ပညာရေး ဒီဂရီကောလိပ်တွေက တပ်ဖွဲ့ဝင် ကျောင်းဆရာ/ဆရာမတွေ၊ ကျောင်းသား/ကျောင်းသူတွေ တက်ရောက်နေရတာလို့ အမည်မဖော်လိုသူ ဆရာမတဦးက ဒီဗွီဘီကို ပြောပါတယ်။

“တပ်က ကျောင်းတွေမှာ စစ်သင်တန်းပေးဖို့ပြောတာ ကြာပြီ။ အစကတော့ မယုံဘူး။ အခု အကုန်တက်ရမယ်ဆိုပြီး စာဝင်လာမှ သိတာ။ ဒီနေ့မနက် ဖွင့်ပွဲလုပ်တယ်။”

သင်တန်းကို ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံးက ဦးဆောင်ကာ အမှတ် ၇ တက္ကသိုလ်များလေ့ကျင့်ရေးတပ်မှ အရာရှိတွေက သင်ကြားပေးတယ်လို့ ကျောင်းသားတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့က ဖွင့်ပွဲ၊ သင်ပေးရမှာ ကိုယ်သင်တဲ့ ကျောင်းမှာပဲ စစ်တပ်က လာသင်ပေးမှာ။ မဖြစ်မနေတက်ရတာပါ။ ငြင်းလို့မရဘူး။ စစ်သင်တန်းမတက်ချင်ရင် ကျောင်းကထွက်မှရမှာ။”

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ ကျုံပျော်နဲ့ ဓနုဖြူမြို့နယ်တွေမှာ ပြီးခဲ့တဲ့လတွေ စစ်ကောင်စီက နယ်မြေခံတပ်ရင်းတွေမှာ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်လှစ်ခဲ့တာလည်း ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024