Home
မြန်မာသတင်း
သွင်းအားစုစရိတ် မြင့်တက်မှုကြောင့် ပဲခူးတိုင်းတွင် နွေစပါးစိုက်ပျိုးမှု လျော့နိုင်
DVB
·
February 5, 2024
Farm_05022024

မြန်မာနိုင်ငံမှာ နွေစပါးစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်တဲ့ ပဲခူးတိုင်းမှာ သွင်းအားစုစရိတ် မြင့်တက်လာမှုကြောင့် နွေစပါးစိုက်ပျိုးမှု လျော့ကျနိုင်တယ်လို့ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

ပဲခူးတိုင်းမှာရှိတဲ့ တောင်သူတွေဟာ မိုးစပါးတွေ ရေနစ်မြုပ်ပြီး အရှုံးပေါ်ခဲ့တာ၊ ပဲမျိုးစုံဈေးကွက် ကောင်းမွန်လာတာကြောင့် ပဲတွေပိုစိုက်လာတာနဲ့ စိုက်စရိတ်တွေ မြင့်တက်မှုကြောင့် နွေစပါးကို လျော့ပြီး စိုက်ပျိုးလာပါတယ်။

ကဝမြို့ရှိ နွေစပါးစိုက် တောင်သူတဦးက “ဒီနှစ် နွေစပါးစိုက်ပျိုးမှုတွေဟာ ဧကအများကြီး လျော့လာနိုင်ပါတယ်။ အခု တောင်သူအများစုဟာ မိုးစပါးအရှုံးပေါ်တာကို ပဲတွေစိုက်ပြီး ပြန်ရနေကြတော့ ပဲ,ပဲ အဓိကထားပြီး စိုက်တာပေါ့။ စိုက်စရိတ်တွေက အဆမတန် တက်လာတဲ့အချိန်မှာ ပဲဈေးက ထက်ဝက်တက်ပေမဲ့ စပါးဈေးက ၂၀ ရာခိုင်နှုန်းတောင် မတက်ဘူး။ အဲ့ဒါကြောင့် နွေစပါး သိပ်မစိုက်ကြတော့တာပါ” လို့ ပြောပါတယ်။

ပဲခူး‌တိုင်းမှာ စိုက်ပျိုးရေးသွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ အလုပ်သမားခတွေ အဆမတန် မြင့်တက်လာသလို ရေသွင်းဖို့ စက်သုံးဆီလည်း လိုသလောက် ဝယ်ယူမရတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သက္ကလရှိ စပါးစိုက်တောင်သူတွေက ပြောပါတယ်။

“မြေဆီတို့ ပိုးသတ်ဆေးတို့ ၃ သောင်းကနေ ၁ သိန်းကျော်အထိ တက်လာတယ်။ အလုပ်သမားက အရင်က ၇ ထောင်လောက်ပဲ ပေးရပေမဲ့ အခုကုန်ဈေးနှုန်းနဲ့ ၁ သောင်း မကျော်ရင် ဘယ်သူမှ အလုပ်မလုပ်ကြတော့ဘူး။ ကြားထဲက ရေသွင်းဖို့ ဆီးဈေးက‌ ကြီးတဲ့အပြင် ဝယ်လို့ကိုမရဘူး။ အခု လယ် ၁၀ ဧကမှာ ၁ ဧကတောင် စိုက်လို့မပြီးသေးဘူး။ ဒီနှစ်က အမြင့်ဆုံး ၅ ဧကပဲ စိုက်ဖြစ်မယ်ထင်တယ်။”

ပဲခူးတိုင်း‌မှာ မနှစ်က နွေစပါးဧက ၃၂၀,၀၀၀ စိုက်ပျိုးခဲ့ပေမဲ့ အခုနှစ်မှာ အများဆုံး ဧက ၂ သိန်းခွဲသာ စိုက်ပျိုးဖြစ်နိုင်လောက်မယ်လို့ တောင်သူတွေက ပြောကြားခဲ့ပေမဲ့ ပဲခူးတိုင်း စိုက်ပျိုးရေးဝန်ကြီးဌာနကတော့ ဧက ၄ သိန်းထိ တိုးချဲ့စိုက်ပျိုးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024