လုံခြုံရေးတိုးမြှင့်ထားတဲ့ နေပြည်တော်မှာ ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာရှိ ရေဆင်းအထက်တန်းကျောင်း ရှေ့မျက်နှာစာကို ဖေဖော်ဝါရီ ၅ ရက် ဒီနေ့မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေးစာတွေရေးသွားလို့ ကျောင်းတာဝန်ရှိသူတချို့ စစ်တပ်ရဲ့ ခေါ်ယူစစ်ဆေးတာ ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရေဆင်းကျေးရွာ စိုက်ပျိုးရေးသုတေသနဝင်းအတွင်းမှာရှိတဲ့ အခြေခံပညာ အထက်တန်းကျောင်း (ရေဆင်း) ကျောင်းမျက်နှာစာရှေ့မှာ “သွေးအေးကုန်ပြီလား၊ သောင်းလှိုင်သား (---)ပဲ၊ သွေးစွန်းနေတဲ့နိုင်ငံ၊ ပြည်သူသွေးတွေ ခြောက်ကုန်ပြီ” အစရှိတဲ့စာတွေကို ရေးသားထားတာ ဖြစ်တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ကျောင်းပိတ်ရက်မှာ လာရေးသွားတာ ဖြစ်တယ်။ ဘယ်သူလာရေးသွားမှန်းတောင် မသိဘူး။ ကျောင်းက တာဝန်ရှိသူတွေ အုပ်ချုပ်ရေးတွေ ရဲတွေကို စစ်တပ်က ခေါ်စစ်နေတယ်။”
စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုကို အခြေခံပညာမူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို စောင့်ကြည့် တာဝန်ပေးရင်း ဖြစ်တဲ့အတွက် တာဝန်ရှိသူတချို့ကို ခေါ်ယူစစ်ဆေးတာလို့ ဥတ္တခရိုင်နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဌာနဆိုင်ရာမှာရော ပညာရေးဘက်မှာရော ဖရဲသီးတွေရှိလို့ ခေါ်စစ်တာပါ။ နောက်နောင်မဖြစ်ဖို့ သတိပေးအနေနဲ့ပါ။ စာရေးသွားတဲ့သူကို စုံစမ်းပေးမယ် ဆိုတာကြောင့် ပြန်လွှတ်လိုက်တယ်။”
စစ်တပ်အာဏာသိမ်းခြင်း ၃ နှစ်ပြည့်အနေနဲ့ နီတဲ့သွေး ရက်သတ္တပတ်လှုပ်ရှားမှုကို ရန်ကုန်၊ မန္တလေး အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။