Home
မြန်မာသတင်း
ရန်ကုန်တွင် ကားတိုက်မှု ၃ ကြိမ်ဖြစ်ပွားပြီး လူ ၂ ဦးသေ၊ ၄ ဦးဒဏ်ရာရ
DVB
·
February 5, 2024
CarAccident_05022024

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၄ ရက် တနေ့တည်း ကားတိုက်ခံရမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးကာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးရွာအနီး အမှတ် ၃ လမ်းမကြီးပေါ်မှာ စီးနင်းလာတဲ့ အမျိုးသား ၂ ဦးပါ စက်ဘီးကို ည ၇ နာရီ မိနစ် ၅၀ လောက်က ယာဉ်အမှတ် YGN6 7N/3390 ဝိုင်ဘီအက်စ် ၃၅ က ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ကားနဲ့ဝင်တိုက်မိတာကြောင့် အသက် ၃၀ အရွယ် ကိုဇော်မင်းအောင်၊ မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာ‌‌ရွာနေသူမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးသွားပြီး ကျန်အမျိုးသားတဦးမှာ ဦးခေါင်းထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မြို့ခံလူမှုကူညီရေးအသင်းဝင်တဦးက “YBS က ထောက်ကြန့်ဘက်က‌နေ မြောက်ဥက္ကလာဘက် အသွားလမ်း ရခိုင်ကျောင်း မှတ်တိုင်ရှေ့မှာ ကွေ့လိုက်တာ။ စက်ဘီးက မြောက်ဥက္ကလာဘက်က လာတာ။ ချိတ်မိပြီး တိုက်မိကြတာ။ တယောက်ကတော့ ပွဲချင်းပြီး သေဆုံးပါ” လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးရုပ်အလောင်းကို မြောက်ဥက္ကလာပ မေဓာဝီဆေးရုံကို အရပ်ဘက်အသင်းယာဉ်နဲ့ ပို့ဆောင်ပေးထားတယ်လို့ သိရပြီး YBS 35 ယာဉ်မောင်းကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှာ စစ်ဆေးအရေးယူထားတယ်လို့ သိရပါတယ်။

အလားတူ ရွှေပြည်သာမြို့နယ်၊ ၁၂ ရပ်ကွက်၊ ၈၁ ဘတ်စ်ကားမှတ်တိုင်အနီးရှိ ပုလဲလမ်းမပေါ်မှာ ည ၁၁ နာရီလောက်က လမ်းသွားလမ်းလာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ကားတစီးက ဝင်တိုက်ခဲ့ပြီး မောင်းပြေးသွားပါတယ်။

ကားတိုက်ခံခဲ့ရတာကြောင့် အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသား ၂ ဦးမှာ ဦးခေါင်းပေါက်၊ ပွန်းပဲ့ဒဏ်ရာ ရရှိသွားပြီး ကျန်အမျိုးသမီးတဦးမှာ ထိခိုက်မှု စိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ရွှေမေတ္တာ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ည ၁၁ နာရီ ၄ မိနစ်က အသင်းကို ဖုန်းဆက်တယ်။ ၁၁ နာရီ ၁၁ မိနစ်ရောက်ပြီး ကူညီတယ်။ ကားတိုက်ပြေး လူနာက အဝါရောင်အဆင့် ကျား ၂ ဦးနဲ့ အနီရောင်အဆင့် မ ၁ ဦးပါ။ ကားကတော့ မမိသေးဘူး။ အားလုံး အသက် ၃၀ ဝန်းကျင်တွေပါ” လို့ ပြောပါတယ်။

ကားတိုက်ခံရတဲ့နေရာကို ရွှေပြည်သာမြို့နယ် အရန်မီးသတ် ရန်ပိုင် ၄ ခ အဖွဲ့၊ ရွှေမေတ္တာ လူမှုကူညီရေးအသင်းနဲ့ ကန္တာရမိုးစက် လူမှုကူညီရေးအသင်းတို့က ရောက်ရှိကူညီ ကယ်ဆယ်ခဲ့ကြပြီး လူနာတွေကို အင်းစိန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံနဲဲ့ ပတ္တမြားဈေးကြားရှိ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ နေ့လယ် ၁၂ နာရီခွဲလောက်က စည်ပင်ဌာနပိုင် အမှိုက်သိမ်းကားနဲ့ စက်ဘီးစီးနင်းလာသူတို့ ချိတ်မိပြီး ကားတိုက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ကားကြိတ်ခံရသူဟာ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး ကယ်ဆယ်ရေးအသင်းတွေ ရောက်ရှိချိန်မှာတော့ ကားရှေ့ဘီးအောက်မှာပဲ သေဆုံးနေပြီ ဖြစ်ပါတယ်။

ရွှေပြည်သာမြို့ခံတဦးက “ပတ္တမြားဈေးဘက် သွားတဲ့လမ်းမှာ ဖြစ်တာ။ စက်ဘီးနဲ့ အမှိုက်ကားက လမ်းကြောတခုတည်းပဲ။ ကားက ဟွန်းတီးလိုက်တဲ့အချိန် စက်ဘီးသမားက လန့်ပြီး ကားဘက်ကိုပဲ လဲကျသွားတာ” လို့ ပြောပါတယ်။

စည်ပင်ကား ယာဉ်မောင်းကို ရွှေပြည်သာရဲတပ်ဖွဲ့ဝင်တွေက လာရောက် ခေါ်ဆောင်သွားတယ်လို့ သိရပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရပြီလို့ သိရပါတယ်။

ဓာတ်ပုံ- ရွှေမေတ္တာအသင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024