ချင်းပြည်နယ်၊ မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်မှာ ဖေဖော်ဝါရီ ၄ ရက်က မြေမြှုပ်မိုင်းနင်းမိပြီး ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံဆီက သိရပါတယ်။
မနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ အရှေ့ပြင်ရပ်ကွက် မီးသတ်ကုန်းအနီးက ပြည်သူ့နေအိမ် ခြံဝင်းထဲမှာ ကလေး ၂ ဦးက စစ်ကောင်စီတပ် ထောင်ထားတဲ့ မိုင်းနင်းမိခဲ့တာ ဖြစ်ပါတယ်။
မြေမြှုပ်မိုင်းနင်းမိတဲ့အတွက် အသက် ၁၄ နှစ်အရွယ် မိန်းကလေး ခြေထောက်တဖက် ပြတ်သွားပြီး၊ အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေး ကျောပြင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မင်းတပ်မြို့ခံတဦးက “အိမ်ပိုင်ရှင်တွေက အိမ်မှာမနေတာ ကြာပြီ။ အရင်က စကစဘက်က ၁ ရက် ၂ ရက် စခန်းချဖူးတယ်။ အဲဒီတုန်းက ထောင်ထားတာ ဖြစ်နိုင်တယ်။ အဲဒီခြံနဲ့ မနီးမဝေးမှာ စစ်သားတွေရှိတယ်။ အဲဒီနားမှာ တိုက်ပွဲ ခဏခဏ ဖြစ်တယ်။ အဲဒါကြောင့် ခြံရှင်တွေက တခြားဘက်မှာ ပြောင်းနေကြတာ။ မနေ့က အိမ်ကိုရောင်းမယ်ဆိုပြီး သန့်ရှင်းရေး လာလုပ်တဲ့အချိန်မှာ မိုင်းနင်းမိတာ” လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း ချင်းပြည်နယ်မှာ မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံးတဲ့ အရပ်သား ၂၃ ဦးအထိရှိနေပြီလို့ ချင်းရေးရာအဖွဲ့ချုပ် ICA ရဲ့ အစီရင်ခံစာအရ သိရပါတယ်။