Home
မြန်မာသတင်း
ကရင်နီစာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၄ ဦး အပါအဝင် ၅ ဦး သေဆုံး
DVB
·
February 5, 2024
DeeMawSo Bomb SAC 6_05022024
DeeMawSo Bomb SAC 3_05022024
DeeMawSo Bomb SAC 5_05022024
DeeMawSo Bomb SAC 8_05022024
DeeMawSo Bomb SAC 10_05022024

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ စာသင်ကျောင်း ၂ ကျောင်းကို ဖေဖော်ဝါရီ ၅ ရက်မနက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်နေတဲ့ကလေးငယ် ၄ ဦး သေဆုံးပြီး  ၁၅ ဦး ဒဏ်ရာရကာ အမျိုးသား ၁ ဦး  သေဆုံး၊   ၅ ဦး မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့ မနက်က  ၁၀ နာရီကျော်ကနေ ၁၁ နာရီ ၂၀ မိနစ်လောက်အထိ စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၃ စင်းနဲ့ ပစ်ခတ်ခဲ့သလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းတက်နေတဲ့ ကျောင်းသား ကလေးငယ်တွေ သေဆုံးရတာလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ၂ ဗညားခွန်အောင်က ပြောပါတယ်။

“ကျောင်း ၂ ကျောင်းပေါ့၊ ကျနော်တို့ခေါ်တာက လွိုင်နန်းဖကျောင်းနဲ့ ဒေါဆီအီကျောင်းကို စစ်ကောင်စီက အနည်းဆုံး လေယာဉ်နဲ့ ၁၀ ကြိမ်တိုင်တိုင် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ နောက်လွိုင်ကော်နဲ့ ဒီးမော့ဆိုကနေလည်း  လက်နက်ကြီးတွေနဲ့ ၄ ကြိမ် ၅ ကြိမ်အထိ လှမ်းပြီးတော့ ထုလာတာရှိတာပေါ့။ အဲဒီအတွက်ကြောင့်မို့ ကျနော်တို့ ကျောင်းသားကလေးငယ် ၄ ဦး ပွဲချင်းပြီး သေဆုံးသွားတယ်။ ၁၅ ဦးဝန်းကျင်အထိ ထိခိုက်ဒဏ်ရာရှိခဲ့တယ်။ ကျောင်းဆရာ၊ ဆရာမ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ တဦးကလည်းနည်းနည်း ပြင်းထန်တာပေါ့နော်။ ပြီးတော့ အရပ်သား သက်ကြီးပိုင်း ၁ ဦး သေဆုံးတယ်။ နောက်ပြီး ကျေးရွာသူ ကျေးရွာသား စစ်ရှောင် ၅ ဦးထိခိုက်ဒဏ်ရာရတယ်။”

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင် ၆ ခု ထိခိုက်ပျက်စီးသွားခဲ့ပြီး ကျောင်းဆောင် ၂ ခုမှာ လုံးဝ ပြိုကျပျက်စီးသွားခဲ့တယ်လို့လည်း ဗညားခွန်အောင်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ၄ မိုင်က ဒေါဆီအီကျောင်းမှာ   သူငယ်တန်းကနေ ၈ တန်းအထိ ကျောင်းသူကျောင်းသား ၂၀၀ လောက် ပညာသင်နေကြတာဖြစ်ပြီး ကျောင်းတက်ချိန် လေယာဉ်နဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း  ဒေသခံက ပြောပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ကတော့ စာသင်ကျောင်းတွေကို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုအပေါ် ရှုတ်ချလိုက်ပြီး အရပ်ဘက်အခြေခံအဆောက်အဦနဲ့  အရပ်သားတွေ ခိုလှုံရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာဖြစ်သလို  အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ကရင်နီလူမျိုး ထောင်ပေါင်းများစွာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024