မလေးရှားနိုင်ငံ၊ ဆီလန်ဂါပြည်နယ် ဆရီမကမ်းမြို့ရှိ ဆီလန်ဂါဈေးကြီးမှာ အထောက်အထား စာရွက်စာတမ်း မပါရှိတဲ့ မြန်မာနိုင်ငံသား ၂၇၇ ယောက် ဖေဖော်ဝါရီ ၃ ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
ဆီလန်ဂါဈေးကြီးအတွင်းကို မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖေဖော်ဝါရီ ၃ ရက် မနက် ၃ နာရီကျော်က ရှောင်တခင်ဝင်စစ်ပြီး အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၂၇၇ ယောက်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၉၄ ယောက်၊ အိန္ဒိယနိုင်ငံသား ၇၂ ယောက်၊ အင်ဒိုနိုင်ငံသား ၃၉ ယောက်၊ နီပေါနိုင်ငံသား ၁၅ ယောက်၊ သီရိလင်္ကာ ၉ ယောက်၊ ပါကစ္စတန် ၆ ယောက်နဲ့ ဗီယက်နမ်နိုင်ငံသား တယောက် စုစုပေါင်း ၅၁၃ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
မလေးရှားရောက် မြန်မာနိုင်ငံသားတဦးက “ဆီလန်ဂါဈေးကြီး မထင်ထားတဲ့အချိန်မှာ ဝင်စီးသွားတာ။ ဖမ်းခံရတာတွေကတော့ သားငါးဈေးမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေပါပဲ။ ကျနော့်သူငယ်ချင်းပါအပါ လွတ်သွားတဲ့သူလည်း အများကြီးရှိပါတယ်။ တချို့ကျတော့ ကားလမ်းကျော်ပြီး တောထဲဝင်ပြေးတာတို့၊ မြောင်းထဲ ဆင်းပုန်းတာတို့ လုပ်ကြရတယ်။ အဖမ်းအဆီး ဆက်တိုက်ဝင်နေတာပဲ။ ကျနော်တို့လည်း အဖမ်းမခံရအောင် သတိထားပြီး နေရပါတယ်” လို့ ပြောပါတယ်။
မလေးရှား လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကတော့ ဆီလန်ဂါဈေးကြီးမှာ အမျိုးသမီး ၁၁ ယောက် အပါအဝင် ၅၀၀ ကျော် ဖမ်းမိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အရေးယူနိုင်ဖို့အတွက် ဆီလန်ဂါ လဝကမှာ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှားမှာ အော်ပရာစီ စစ်ဆင်ရေးစတဲ့ ဒီဇင်ဘာကစပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ မလေးရောက် မြန်မာတွေက ပြောပါတယ်။