ဗြိတိန်အစိုးရဟာ ယီမင်နိုင်ငံထဲက အီရန်နဲ့ ဆက်နွှယ်နေတဲ့ ဟူသီစစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ တတိယလှိုင်းတိုက်ပွဲမှာ အချိုးကျပါဝင်ခဲ့တယ်လို့ ဗြိတိန်အစိုးရက ဖေဖော်ဝါရီ ၃ ရက်မှာ ပြောခဲ့ပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ ဆိုက်ပရပ်စ်နိုင်ငံ၊ အက်ခရိုတီရီလို့ သတ်မှတ်ထားတဲ့ လေယာဉ်ကွင်းကနေ လေယာဉ်ပျံတက်သွားတာကို ပြသခဲ့ပါတယ်။
ဆာနာမြို့တော်က လေယာဉ်ကွင်းအနားမှာရှိတဲ့ ပစ်မှတ်အများအပြားကို ပဲ့ထိန်းဗုံးတွေသုံးပြီး တိတိကျကျ ပစ်ခတ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ဗဟိုဌာနချုပ်ကလည်း ယီမင်နိုင်ငံထဲက ဟူသီစစ်တပ်ရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဒုံးကျည်ပစ်လွှတ်တာတွေ တိုက်လေယာဉ် ပျံသန်းမှုတွေဆိုင်ရာ စစ်ဆင်ရေးဓာတ်ပုံတွေကို စနေနေ့က ထုတ်ပြန်ခဲ့ပါတယ်။
ရာချီတဲ့ ဟူသီထောက်ခံသူတွေကလည်း ဖေဖော်ဝါရီ ၄ ရက်မှာ ဂါဇာနဲ့ သွေးစည်းကြောင်းပြတဲ့ စစ်ရေးပြချီတက်ပွဲတရပ်ကို ကျင်းပခဲ့ပြီး ဟူသီတွေရဲ့ နေရာတွေကို အမေရိကန်နဲ့ ဗြိတိန်တို့က လေကြောင်းကနေ တိုက်ခိုက်တာကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။
ဟူသီတွေကလည်း အစ္စရေးပစ်မှတ် ပုံစံတူတွေကို ချိန်ရွယ်ပစ်ခတ်ရင်း စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
စစ်သွေးကြွတွေဟာ အစ္စရေးနဲ့ အမေရိကန်အလံတွေနဲ့ ရစ်ပတ်ထားတဲ့ အရုပ်ပစ်မှတ်တွေကို မော်တာတွေနဲ့ ပစ်ခတ်ပြီး ဒရုန်းတွေကိုသုံးရင်း ဖောက်ခွဲရေးပစ္စည်းတွေကို ပစ်ချ တိုက်ခိုက် လေ့ကျင့်ခဲ့ကြတာပါ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဟားမတ်စ်ရဲ့ တိုက်ခိုက်ရေးတပ်ရင်း ၂၄ ရင်းထဲက ၁၇ ခုကို ချေမှုန်းခဲ့ပြီး ကျန်အများစုကလည်း အီဂျစ်နယ်စပ်က ရာဖာမြို့ အပါအဝင် ဂါဇာကမ်းေမြာင် တောင်ပိုင်းမှာ ရှိနေတယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။
“သူတို့ကိုလည်း ကျနော်တို့ ဖြေရှင်းမှာပါ” လို့ တဲလ်အဗီမြို့မှာ အပတ်စဉ်ကျင်းပတဲ့ အစ္စရေး အစိုးရအဖွဲ့ အစည်းအဝေးအစမှာ ပြောခဲ့ပါတယ်။
ဟားမတ်စ်တွေကတော့ သူတို့ရဲ့ ဆုံးရှုံးမှုတွေကို သတင်းမထုတ်ပြန်ခဲ့ပါဘူး။
Source/Photo-Reuters