ယောဒေသလို့ခေါ်တဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ယောလုံချည်ရစ်လုပ်တဲ့ လုပ်ငန်းတွေဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နယ်မြေဒေသမတည်ငြိမ်တာနဲ့ ဝယ်ယူသူနည်းလာတာကြောင့် ယောလုံချည် ရက်လုပ်တဲ့ လုပ်ငန်းလုပ်သူတွေ အခက်အခဲကြုံနေကြရပါတယ်။
ယောလုံချည်ကို ယခင်က ရက်ကန်းစင်နဲ့ တနိုင်တပိုင် ရက်လုပ်ရာကနေ အခုနောက်ပိုင်းမှာတော့ အဆင့်မြှင့်တင်ပြီး စက်တွေနဲ့ ရက်လုပ်လာတာတွေ များလာသလို လူကိုယ်တိုင် ရက်ကန်းစင်ကြီး၊ စင်ငယ်တွေနဲ့ ရက်လုပ်လာကြတာလို့ လုပ်ကိုင်သူတွေက ပြောပါတယ်။
အာဏာမသိမ်းခင်နှစ်တွေကတော့ ယောလုံချည်ကို ပုံစံမျိုးစုံနဲ့ ဆန်းသစ်တီထွင်ပြီး တင်သွင်းရောင်းချခဲ့ရာ အဆင်ပြေခဲ့ပေမဲ့ လက်ရှိမှာတော့ ဝယ်သူအားနည်းသွားသလို လုပ်ငန်းလုပ်ကိုင်ရတာလည်း အဆင်မပြေတော့ဘူးလို့ ဆိုကြပါတယ်။
လုံချည်ရက်လုပ်ဖို့အတွက် လုပ်သားရှားပါးမှု၊ ရက်လုပ်ရာမှာ အဓိကကျတဲ့ချည်ဝယ်ယူရမှုနဲ့ တင်ပို့ရောင်းချမှုတွေ အဆင်မပြေတာကြောင့် စက်ရုံထဲက စက်အများစုကို ရပ်နားထားရတယ်လို့ သက်တမ်း ၇ နှစ်ရှိပြီဖြစ်တဲ့ ရက်ကန်းစက်ရုံပိုင်ရှင် အမျိုးသမီးတဦးက ဒီဗွီဘီကို ပြောပါတယ်။
ရက်ကန်းလုပ်ရာမှာ အသုံးပြုတဲ့ချည်တွေကိုတော့ မန္တလေးမြို့ကတဆင့် မှာယူရပြီး လမ်းခရီး အခက်အခဲကြောင့် မှာယူရတာ အဆင်မပြေကြဘူးလို့ ဆိုပါတယ်။
လူကိုယ်တိုင် ရက်ကန်းစင် နဲ့ ရက်ခတ်တဲ့ ယောလုံချည်တထည်ကို ၃၀၀၀၀ ကျပ်ရရှိပြီး အချိန် ၃ ရက်ဝန်းကျင် ရက်ရကာ ချည်ဝယ်ယူရရှိမှုတွေ အဆင်ပြေရင် ရက်လုပ်တဲ့ အမျိုးသမီးတွေအတွက် တရက်ကို ၁ သောင်းနှုန်းရရှိကာ အဆင်ပြေနိုင်တယ်လို့ စစ်ဘေးရှောင်ရငး ရက်ကန်းစင်မှာ အငှားရက်ကန်းခတ်နေတဲ့ မမေငြိမ်းက ပြောပါတယ်။
ဂန့်ဂေါလုံချည် ခေါ် ယောလုံချည်ကို မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးတင်ပို့ရောင်းချနေပြီး ချည်အမျိုးအစားနဲ့ ရက်လုပ်ရတဲ့ အဆင်ပုံစံ ကွဲပြားမှုအပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။
ယခင် အာဏာမသိမ်းခင်နှစ်တွေကလို ရောင်းဝယ်ရေးတွေ ပြန်အဆင်ပြေပြီး ရက်ကန်းလုပ်ငန်းတွေ ပြန်လည်လည်ပတ်ချင်ပြီလို့ စက်ရုံပိုင်ရှင်အမျိုးသမီးက ဆက်ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေဒေသမတည်ငြိမ်မှုတွေကြောင့် အလှူပွဲ၊ မင်္ဂလာပွဲ စတဲ့ ပွဲလမ်းသဘင်တွေ မရှိတော့တာကြောင့် ဝယ်ယူဝတ်ဆင်သူ လျော့နည်းလာတာဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
ယောဒေသတွေမှာတော့ အမျိုးသမီးအများစုဟာ ယာလုပ်ငန်းနဲ့ ရက်ကန်း ရက်လုပ်တဲ့ လုပ်ငန်း ၂ ခုတွဲပြီး အသက်မွေးဝမ်းကျောင်းပြုကြလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။