Home
မြန်မာသတင်း
ဆီဆိုင်တိုက်ပွဲတွင် သေဆုံးသွားသည့် ပြည်သူ့စစ်အလောင်းများကို ဒေသခံများ မြေမြှုပ်ပေးရ
DVB
·
February 5, 2024
424 Psi Saing_05022024
PSi Saing Bomb SAC 1_05022024

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်နဲ့ PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေက အမိန့်အရ လိုက်ကောက်ပေးနေရပြီး မြေမြှုပ်ရှင်းလင်းပေးနေရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်ကနေ ဖေဖော်ဝါရီ ၄ ရက်အထိ ဆီဆိုင်မြို့ပေါ်နဲ့ ကျေးရွာ တိုက်ပွဲတွေမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင် ရုပ်အလောင်းတွေကို ကောက်ယူ ရှင်းလင်းပေးနေရတာ အလောင်း ၁၀၀ ကျော်ရှိပြီလို့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့ခံ အမျိုးသားတဦးက “မြို့ပေါ်က ဟိုခဲရပ်ကွက်မှာဆိုလည်း အနံ့တွေတောင် ထွက်နေတာ၊ ဘုန်းကြီးကျောင်းမှာလည်း သေတယ်။ ကျောင်းမှာသေတဲ့ စစ်သားတွေကိုတော့ ဦးဇင်းတွေ ပစ္စည်းပြန်ယူရင်း သယ်သွားပေးရတယ်။ ရပ်ကွက်ထဲ ကျန်ခဲ့တာတွေကတော့ တချို့လည်း ခွေးဆွဲတယ်၊ တချို့လည်း အိမ်ပြန်ရွာသားတွေက ပြန်မြှုပ်ပေးတာပေါ့။ အခုထိတော့ လေယာဉ်တွေ စစ်ကားတွေက ဆီဆိုင်ဘက်ကို ဆက်တိုက်ဆင်းလာနေတုန်းပဲ” လို့ ပြောပါတယ်။

လွယ်ထွယ်ရွာခံ အမျိုးသားတဦးက “ကျနော်တို့ရွာထဲမှာလည်း သေတယ်၊ သူတို့က ပြန်မကောက်သွားဘူး။ ဘယ်သူဘယ်ဝါမှန်းလည်း မသိရဘူး၊ လက်မောင်းမှာတော့ PNA တံဆိပ်နဲ့။ သူတို့က ပိုက်ဆံလည်း မပေးဘူး၊ ကျနော်တို့က ကောက်ရဲတဲ့လူကို ငွေ ၂ သိန်းပေးပြီး လုပ်ခိုင်းရတာ။ သူတို့က ခိုင်းတယ် ကျနော်တို့က မသွားရဲဘူး၊ တိုက်ပွဲတွေလည်း မပြီးသေးဘူး၊ ကြားတာတော့ မြို့ထဲက ဟိုခဲမှာဆို တော်တော်များတယ်တဲ့၊ ကိုယ့်ရွာကိုယ် တာဝန်ယူခိုင်းတာ” လို့ ပြောပါတယ်။

အဓိက ရွာပြန် ပစ္စည်းပြန်ယူတဲ့လူတွေကို အလောင်းကောက်ခိုင်းပြီး ပစ္စည်းတွေနဲ့အတူ တင်ခိုင်းကာ လမ်းတဝက်မှာ မြေမြှုပ်ခိုင်းတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၃၀ ရက်ကလည်း ဆီဆိုင်မြို့မြောက်ဘက်မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က လုံခြုံရေး ဆောင်ရွက်နေစဉ် စစ်ကောင်စီနဲ့  PNA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အလောင်း ၅၀ ကျော်နဲ့ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ စစ်ကောင်စီတပ်နဲ့  PNA ဘက်က အယောက် ၅၀ ကျော် အလောင်းတွေကို မြို့တွင်း တနေရာမှာ စုပုံမီးရှို့ထားတယ်လို ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က နေ့စဥ်ရက်ဆက် လေကြောင်းကရော  လက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတာကြောင့် နေအိမ်အဆောက်အဦတွေ မီးလောင်ပျက်စီးပြီး ထိခိုက်သေဆုံးတာတွေ  ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင်နေသူ ဆီဆိုင်မြို့ခံတဦးက “ဖေဖော်ဝါရီ ၂ ရက်တုန်းက မြကန်သာရပ်ကွက်က ဇဝနာရာမ စာသင်တိုက် ဆွမ်းစားဆောင်ဗုံး ထိမှန်ပျက်စီးခဲ့တယ်။ ကိုရင်နဲ့ ရဟန်း ၅၀၀ ဆွမ်းစားတဲ့ ကျောင်းဆောင်ပေါ့" လို့ ပြောပါတယ်။

မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီးဟာ ပအိုဝ်းပြည်သူတရပ်လုံး အထွတ်အမြတ်ထားတဲ့ မြို့ဂုဏ်ဆောင်စာသင်တိုက်ဖြစ်ပြီး တိုက်ပွဲမဖြစ်ဘဲ လေယာဥ်ဗုံးထိမှန် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး ဆီဆိုင်နယ်ခံတဦးက “သိရသလောက်တော့ တိုက်ပွဲစတဲ့ နေ့ကနေ ဖေဖော်ဝါရီ ၂ ရက်ထိ အပြစ်မဲ့ပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရသွားတာကို သေချာသိတယ်၊ အဲထက်များနိုင်ပါတယ်” လို့ ပြောပါတယ်။

သီရိရပ်ကွက်က ၃ ယောက်၊ မြကန်သာရပ်ကွက်က ၂ ယောက် ဒဏ်ရာရခဲ့ပြီး  မြကန်သာရပ်ကွက်က ၁ ယောက်၊ ကန်တော်လေးရွာက ၁ ယောက်နဲ့ နောင်ထောဝ်ရွာက ၁ ယောက် သေဆုံးတယ်လို့လည်း ဆိုပါတယ်။ 

“မြကန်သာရပ်ကွက်က သက်လတ်ပိုင်း အမျိုးသားတယောက်ကတော့ အိပ်ပျော်နေတုန်း လေယာဥ်ဗုံးထိပြီး မီးကျွမ်းသွားတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

လေယာဥ်နဲ့ နေ့စဥ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူတွေရဲ့ အိမ်တွေလည်း မီးလောင် ပျက်စီးကြောင်း၊ နေအိမ်ပြန်ကြည့်ပြီး အိမ်သုံးပစ္စည်း အိမ်မွေးတိရစ္ဆာန်တွေကို ပြန်သယ်တဲ့သူတွေထဲက အမျိုးသမီးတဦးလည်း ဦးခေါင်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာကြောင့် ​တောင်ကြီး စဝ်စံထွန်းဆေးရုံကြီးကနေ မန္တလေးမြို့ဆေးရုံကို ပို့ဆောင် ကုသထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိတော့ ဆီဆိုင်မြို့ထဲ ဝင်လို့မရတော့ကြောင်း၊ လုံခြုံရေးအားနည်းတဲ့အတွက် အိမ်ကိုပြန် ပစ္စည်းသယ်ယူတာတွေ မလုပ်သေးဖို့ PNLA က မေတ္တာရပ်ခံထားသလို PNA ဘက်ကလည်း ခွင့်မပြုဘူးလို့ သိရပြီး မြို့ထဲမှာတော့ လေယာဥ်ဗုံးဆန်၊ လက်နက်ကြီးကျည်မှန်နဲ့ အဆောက်အဦတွေ မီးလောင်၊ သူခိုးတွေ သောင်းကျန်းနေတာမို့ တိမ်းရှောင်သွားတဲ့ ပြည်သူတွေ အခက်အခဲ ကြုံနေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဓမ္မာရုံ ၁ ခု၊ ဘုရားရှိခိုးကျောင်း ၁ ကျောင်း၊ စာသင် ကျောင်း ၁ ကျောင်းနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကတော့  စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး မိဘပြည်သူတွေနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ့်အကြောင်း ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024