ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ဘန်ခန်းရှိ Pcons Construction Co., Ltd. မှာ အလုပ်လုပ်ကိုင်နေတဲ့ MOU မြန်မာအလုပ်သမား ၂၅ ဦးဟာ အလုပ်မရှိတာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ အလုပ်သမားတွေနဲ့ WAG အဖွဲ့ကနေ သိရပါတယ်။
မြန်မာအလုပ်သမား အမျိုးသား ၁၅ ဦးနဲ့ အမျိုးသမီး ၁၀ ဦးတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်တဲ့ Pcons Construction Co., Ltd. မှာ အလုပ်လုပ်ကိုင်ဖို့အတွက် သိန်း ၅၀ ခန့် အကုန်အကျခံပြီး မြန်မာနိုင်ငံက စစ်သွေးညီ အေဂျင်စီနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။
မြန်မာအလုပ်သမား ၂၅ ဦးဟာ ဖူးခက်လုပ်ငန်းခွင် စရောက်တဲ့ နိုဝင်ဘာ ၂၄ ရက်ကစပြီး ဒီနေ့ထိ ၂ လကျော်မှာ ရက် ၃၀ ကျော်သာ အလုပ်ဆင်းရသလို အလုပ်မဆင်းရတာ ၁၀ ရက်ကျော်ပြီ ဖြစ်တာကြောင့် စားဝတ်နေရေး ခက်ခဲနေတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
“မြန်မာနိုင်ငံကနေ ထိုင်းစအရောက် လုပ်ငန်းခွင်ထဲဝင်တဲ့အထိဆို သိန်း ၅၀ လောက် ကုန်ခဲ့တယ်။ ကျနော်တို့ ဒီရောက်တော့ အလုပ်လည်း သေချာမဆင်းရဘူး။ သူဌေးက ကုမ္ပဏီမှာ အလုပ်မရှိတော့ လုပ်ချင်ရင် ဖိုးလက်မောင်းဆိုက် သွားလုပ်တဲ့။ ကျနော်တို့ အခု တယောက်က ဆန်မရှိ၊ တယောက် ဆီမရှိ။ ရှိတာလေးကို ဝေမျှပြီး စားသောက်နေတာ ၁၃ ရက်ရှိပါပြီ။ အေဂျင်စီက မနေ့က လာသွားတယ်။ ကျနော်တို့ကို လာညှိတယ်။ ဒီမှာပဲ အလုပ်ဆက်လုပ်တဲ့၊ နစ်နာကြေးတော့ မပေးနိုင်ဘူးတဲ့။ ကျနော်တို့ နစ်နာကြေး ၁ လကျော်စာလည်း မလိုချင်ပါဘူး။ စားဖို့နဲ့ နေရာပြောင်းဖို့ ဘတ် ၄,၀၀၀ စီလောက်ပဲဆိုတာတောင် မပေးပါဘူး။”
အလုပ်သမားတွေဟာ အေဂျင်စီနဲ့ သံရုံးက ထိရောက်စွာ မဖြေရှင်းပေးနိုင်တာကြောင့် WAG မြန်မာအလုပ်သမား ကူညီစောင့်ရေးအဖွဲ့ထံ အကူအညီ တောင်းခံခဲ့ပါတယ်။
WAG မြန်မာအလုပ်သမား ကူညီစောင့်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “ကျနော်တို့က အေဂျင်စီနဲ့ စကားပြောထားတယ်။ ဖြေရှင်းပေးမယ်လို့ ပြောပေမဲ့ သူတို့ပြောတဲ့ရက်ထိ သေချာမဖြေရှင်းပေးဘူး။ ဒီဘက်မှာက အလုပ်မလိုဘဲ အလုပ်သမားတွေကို ခေါ်ထည့်ပြီး ဒီရောက်တော့ ဖိုးလက်မောင်းဆိုက်ထဲမှာ ၅ ရက်လုပ်လိုက်၊ ၁၀ ရက်လုပ်လိုက် နားလိုက် ဖြစ်နေတယ်။ အဓိကကတော့ အေဂျင်စီတွေ၊ ထိုင်းသူဌေးတွေမှာ တာဝန်ရှိတာပေါ့” လို့ ပြောပါတယ်။
WAG အဖွဲ့အနေနဲ့ အလုပ်သမားတွေ အလုပ်မဆင်းတဲ့ရက်တွေမှာ လုပ်အားခ ၇၅ ရာခိုင်နှုန်း ရရှိဖို့နဲ့ ဘိုင်ကျန်အော် (အလုပ်ပြောင်းခွင့်လက်မှတ်) ရရှိဖို့အတွက် သက်ဆိုင်ရာရုံးတွေမှာ တိုင်ကြားပြီး ဆောင်ရွက်ပေးနေပါတယ်။
MOU မြန်မာအလုပ်သမား ၂၅ ဦး အလုပ်မရှိလို့ စားဝတ်နေရေး ကျပ်တည်းနေတာနဲ့ ပတ်သက်ပြီး ပို့ဆောင်ပေးခဲ့တဲ့ စစ်သွေးညီ အေဂျင်စီကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ၁၅ ဦးကိုလည်း ဇန်နဝါရီလအတွင်းက အလုပ်ရှင်က အလုပ်သမားလက်မှတ် လုပ်ပေးဖို့ ပိုက်ဆံတောင်းပြီး မလုပ်ပေးတဲ့အပြင် လစာမပေးဘဲ အလုပ်က ထုတ်ခဲ့ပါတယ်။