ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ ဖေဖော်ဝါရီ ၅ ရက် မနက်က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စာသင်ကျောင်းပျက်စီးသွားပြီး ကျောက်တက်နေတဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် လေးမိုင်စာသင်ကျောင်းနဲ့ လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းတွေကို ဒီမနက် ၁၁ နာရီကျော် ကလေးတွေစာသင်နေချိန် စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေရော ဆရာတွေပါ ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသခံတဦးက “ကျနော်တို့ နေတဲ့နားမှာပဲ၊ ကျနော်တို့ဆီကိုပဲပစ်သွားတာ။ ပြီးတော့ လွိုင်နန်းဖ ဘက်မှာလည်း ပစ်သွားတယ်ဗျာ။ ကလေးကျောင်းတွေ ပြိုကုန်ပြီ။ ကလေးတွေ ထိခိုက်ဒဏ်ရာရ ကုန်တယ်။ ဆရာမတွေလည်း ထိခိုက်တယ်။ ကျောင်းတွေလည်း ပြိုကုန်တယ်။ ဟိုဘက် လွိုင်နန်းဖဘက်မှာ ကလေးတွေ ထိခိုက်ဒဏ်ရာတော့မရဘူး။ လူကြီး ၅ ယောက်ပွဲချင်းပြီး သေဆုံးသွားတယ်။ အခုချိန်ထိ ကျနော်တို့နားက ကလေးတွေကျတော့ ဒဏ်ရာရတာတော့ များတယ်။ ဘယ်နှဦးသေမလဲတော့ ကျနော်တို့စောင့်ကြည့်ရမယ်။ ပွဲချင်းပြီးကတော့ ၂ ဦး၊ ကလေးတွေ ဦးခေါင်းခွံတွေလုံးဝမရှိတော့ ခြေထောက်တွေထိတယ်၊ ခြေထောက် ၂ ဖက်ပြတ်တာတို့၊ အူမရှိတော့တာတို့ ဖြစ်သွားတယ်ပေါ့နော်။ အခုက ကျောင်းဝင် ကျောင်းကို ပဲပစ်နေတာ။ လွိုင်နန်းဖက်နဲ့ ဒီလေးမိုင်ဘက်က ကျောင်းဝင်းကို ကျသွားတယ်။ အဲတော့ ကျောင်းပြိုသွားတယ်။ ကျောင်းဆောင်တလုံးလုံးက ပြိုသွားတာ။”
လေးမိုင်က စာသင်ကျောင်းမှာ သူငယ်တန်းကနေ ၈ တန်းအထိ ကျောင်းသူကျောင်းသား ၂၀၀ ခန့် ကျောင်းတက်နေကြတာဖြစ်ပြီး ကျောင်းတက်ချိန် လေယာဉ်နဲ့ ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း ဒေသခံက ပြောပါတယ်။
ကနေဦးရတဲ့သတင်းအရ ၈ တန်းကျောင်းသား နှစ်ယောက် ပွဲချင်းပြီးသေဆုံးသွားပြီး ကျန်ကလေးငယ် အများအပြားလည်း ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဆိုပါတယ်။
အလားတူ လွိုင်နန်းဖကျေးရွာဘက်က စာသင်ကျောင်းမှာလည်း လေယာဉ်ဗုံးကြဲခံရလို့ စစ်ရှောင် ဒေသခံ ၅ ဦး သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။
အဆိုပါ လေကြာင်းတိုက်ခိုက်မှုပတ်သက်ပြီး သေဆုံးဒဏ်ရာရသူ အရေအတွက် အသေးစိတ် သိရဖို့ ဆက်လက် မေးမြန်းစုံစမ်းနေဆဲ ဖြစ်ပါတယ်။