ထိုင်းမြောက်ပိုင်း၊ ချင်းရိုင်းမြို့နယ်ထဲမှာ မြန်မာနယ်စပ်ဘက်ကနေ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၂ သန်း ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မြန်မာနယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင် သတင်းရထားတဲ့အတွက် ထိုင်းစစ်တပ် ထပ်ကျောက်တာ့ခ်စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေ၊ အမှတ် ၃ ဒေသ မူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်နဲ့ နယ်မြေခံရဲတွေဟာ ဖေဖော်ဝါရီ ၃ ရက်က ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ စစ်ဆေးရေးဂိတ်တွေချပြီး ယာဉ်အသွားအလာ စစ်ဆေးခဲ့ပါတယ်။
ညနေ ၅ နာရီကျော်မှာတော့ ချင်းရိုင်းမြို့ ဟွေ့ဆတ်စစ်ဆေးရေးဂိတ်ကနေ မသင်္ကာဖွယ် ဟိုင်းလပ်စ်ကား ၂ စီးပေါ်ကနေ စိတ်ကြွဆေးပြားတွေ ဖမ်းမိတာလို့ ဆိုပါတယ်။
အဆိုပါ ကား ၂ စီးရဲ့ နောက်ထိုင်ခုံကြားမှာ မြွေရေခွံအိတ် စုစုပေါင်း ၅ လုံးတွေ့ရှိပြီး အိတ် ၁ လုံးလျှင် စိတ်ကြွဆေးပြား ၂ သိန်းစီပါတာကြောင့် စုစုပေါင်း စိတ်ကြွဆေးပြား ၁ သန်း ဖမ်းမိခဲ့တာပါ။
မူးယစ်ဆေးသယ်ဆောင်လာသူ ယာဉ်မောင်း ၂ ဦးမှာ ချင်းရိုင်ခရိုင် ဝိန်းပါပေါက်မြို့နယ် ဆန် ဆရီအုပ်စုကဖြစ်ပြီး တာဝန်ရှိသူတွေက သူတို့အိမ်မှာ ထပ်သွားစစ်ဆေးရှာဖွေခဲ့ပေမယ့် မသင်္ကာစရာမတွေ့ပါဘူး။
ဒီမတိုင်ခင်ကတော့ တရားခံတွေဟာ အဆိုပါမူးယစ်ဆေးတွေကို မြန်မာနယ်စပ် မယ်ဖာ့လုံမြို့နယ်ဘက်ကနေ သယ်ဆောင်လာပြီး ချင်းရိုင်းမြို့နယ် မဲ့ယောင်းရွာမှာ လာရောက် သိမ်းဆည်းထားကြောင်း၊ မဲ့ယောင်းကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို ပြန်သယ်လာစဉ် ဟွေ့ဆတ်စစ်ဆေးရေးဂိတ်မှာ အဖမ်းခံလိုက်ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Manager Online