ကင်ဆာရောဂါကုသမှုခံယူနေရတဲ့ အသက် ၈၂ နှစ်အရွယ်ရှိ နမီးဘီးယားသမ္မတ ဟာဂေဂိန်ဂေါ့ဘ်ဟာ ဖေဖော်ဝါရီ ၄ ရက်နေ့ အစောပိုင်းက ဆေးရုံမှာကွယ်လွန်သွားခဲ့ပါတယ်။
ဂိန်ဂေါ့ဘ်ဟာ ၂၀၁၅ ခုနှစ်ကစလို့ လူဦးရေနည်းပါးပြီး မိုးခေါင်ရေရှားတဲ့အာဖရိကတောင်ပိုင်းက နမီးဘီးယားနိုင်ငံရဲ့ သမ္မတတာဝန်ကို ယူခဲ့တာဖြစ်ပါတယ်။
သမ္မတတာဝန်ယူတာ နောက်ကျပေမဲ့ လွတ်လပ်ရေးရတဲ့ ၁၉၉၀ ကတည်းက ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့၊ အခြေခံဥပဒေရေးဆွဲရေးကို ဦးစီးခဲ့တဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားဖြစ်ပါတယ်။
လူနည်းစုလူဖြူတွေက လူမည်းတွေအပေါ် ခွဲခြားအုပ်ချုပ်တဲ့ အပါသိုက်ခေတ်၊ တောင်အာဖရိက နိုင်ငံလက်အောက်ကနေ နမီးဘီးယားက လွတ်လပ်ရေးယူခဲ့တာဖြစ်ပါတယ်။
၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဂိန်ဂေါ့ဘ်ဟာ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးတာဝန်တွေလည်း ယူခဲ့ဖူးပြီး ၂၀၁၂ မှာ ဝန်ကြီးချုပ်တာဝန်ပြန်ယူခဲ့ပါတယ်။
၂၀၁၄ သမ္မတရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး ၂၀၁၅ မှာ သမ္မတဖြစ်လာခဲ့ပေမဲ့ သူ့အစိုးရရဲ့ အဂတိလိုက်စားမှုအရှုပ်တော်ပုံက ဂုဏ်သတင်းထိခိုက်စရာဖြစ်ခဲ့ရပါတယ်။ ၂၀၁၉ မှာ ရွေးကောက်ပဲ ထပ်နိုင်ပေမဲ့ မဲထက်ဝက်ကျော်ရုံလေးကပ်နိုင်ခဲ့တာပါ။
တိုင်းပြည်ဟာ သယံဇာတကြွယ်ဝပေမဲ့ လူဖြူလူနည်းစုကသာ ချမ်းသာနေကြတဲ့ကိစ္စကို မကိုင်တွယ်နိုင်ခဲ့ဘူးလို့ ဂိန်ဂေါ့ဘ်က ငြီးတွားခဲ့ဖူးပါတယ်။ လူဖြူတွေပိုင်တဲ့ လုပ်ငန်းတွေမှာ လူမည်းတွေကို ရှယ်ယာ ၂၅ ရာခိုင်နှုန်း ခွဲပေးဖို့ အစီအစဉ်ကို သူဦးဆောင်ခဲ့ပေမဲ့ မအောင်မြင်လို့ပြန်ရုပ်သိမ်းခဲ့ပါတယ်။
စိန်တွင်းတွေနဲ့ လျှပ်စစ်ကားဘက်ထရီအတွက် မရှိမဖြစ်လိုအပ်တဲ့ လီသီယမ်သတ္တုတွင်းတွေ အမြောက်အမြားရှိတဲ့ နမီးဘီးယားနိုင်ငံကို အခုနှစ်ကုန်အထိ ဒုတိယသမ္မတ အင်န်ဂိုလို အမ်ဘူဘာက တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters