စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္တိနဲ့ ကလုံရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ ဖျက်ဆီးခဲ့သလို ပြည်သူ ၃ ယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အင်အား ၈၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်းမှာ ကလုံရွာကို မီးရှို့ခဲ့လို့ အိမ်ခြေ ၁၅ လုံးနဲ့ စပါးတိုက် ၆ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
နေ့လယ် ၁၂ နာရီလောက်မှာတော့ သာဝတ္တိရွာကို ဝင်ရောက်မီးရှို့ပြီး ညနေ ၄ နာရီနဲ့ ည ၁၁ နာရီတို့မှာလည်း မီးထပ်ရှို့ခဲ့လို့ အိမ်ခြေ ၁၆၈ လုံး၊ စပါးတိုက် ၂၇ လုံး မီးလောင် ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မီးလောင်ပျက်စီးသွားတဲ့ စပါးတွေဟာ ရွှေဘိုပေါ်ဆန်းဘေးကြားတွေဖြစ်ပြီး တင်း ၁၀၀ ကို ကျပ်သိန်း ၄၀ လောက်တန်ဖိုးရှိတဲ့ တင်း ၁၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ကလုံရွာသားတယောက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ကလုံရွာကို စစ်ဘေးရှောင်လာတဲ့ သရက်ကုန်းရွာသား အစ္စလာမ်ဘာသာဝင် ဦးသိန်းထွန်းကို ခေါင်းဖြတ်သတ်ထားခဲ့ပြီး ကင်းပြစ်ရွာက ဦးသန်းလွင်ကြီးကိုလည်း ကလုံရွာအရှေ့မြောက်ထိပ် ဘုန်းကြီးကျောင်းနားမှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလုံရွာသား ဦးရဲအောင်ကိုလည်း ရွာထိပ်မူးဘောင်ကြားမှာ ပစ်သတ်ထားခဲ့သလို ဖေဖော်ဝါရီ ၃ ရက် မနက်ပိုင်းမှာလည်း အသက် ၈၅ နှစ်အရွယ် ဒေါ်သန်းကြည်ဟာ စစ်ဘေးရှောင်ရင်း အအေးပတ် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဥယျာဉ်ရွာ၊ ကျွန်းတောကြီးရွာနဲ့ ယာတော်ရွာတို့ကတဆင့် မူးမြစ်ကိုဖြတ်ပြီး ရေဦးမြို့ကိုဘက် ထွက်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။