ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်ကနေ လိပ်အကောင်ရေ ၂၈ ကောင်တရားမဝင်သယ်လာတဲ့ မြန်မာအမျိုးသမီးတယောက်ကို မြန်မာ-ထိုင်းနယ်စပ်မှာ ဖေဖေါ်ဝါရီ ၃ ရက် မနက် ၁၀ နာရီကျော်လောက်က ဖမ်းဆီးရမိကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် လေလယ်ကျွန်း ဧက(ရဝ) သဘာဝဂိတ်ကနေ ဝင်ရောက်လာတဲ့ မြန်မာအမျိုးသမီးတယောက်ကို ထိုင်းစစ်တပ် ဒေသကွပ်ကဲရေး တပ်ခွဲ ၄၃၁ တပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ လိပ်တွေကို ရှာဖွေတွေ့ရှိခဲ့တာပါ။
အဆိုပါလိပ်တွေဟာ ရှားပါးသတ္တဝါဖြစ်တဲ့အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာနနဲ့ တခြား သက်ဆိုင်ရာကို အကြောင်းကြားကာ လိပ်တွေနဲ့အတူ သယ်ဆောင်လာတဲ့ မြန်မာ အမျိုးသမီးကို ဖမ်းဆီးခဲ့ပါတယ်။
လိပ်တွေ တရားမဝင်မှောင်ခိုတင်သွင်းလာတဲ့ မြန်မာအမျိုးသမီးကို ထိုင်းနိုင်ငံရဲ့ တရားဥပဒေအတိုင်း အရေးယူသွားမှာဖြစ်ပြီး လိပ် ၂၈ ကောင်ကိုတော့ ထိန်းသိမ်း စောင့်ရှောက်ထားဖို့ သက်ဆိုင်ရာကို ထိုင်းစစ်တပ်က လွှဲပြောင်းပေးအပ်ဖို့ ရှိနေပါတယ်။
မြန်မာ-ထိုင်း နယ်စပ်မှာ တောတွင်းတိရစ္ဆာန်နဲ့ တခြားသော တရားမဝင် ကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုတွေ မကြာခဏရှိနေတာ ဖြစ်ပါတယ်။