ကျူးဘားနိုင်ငံမှာ ကုန်ဈေးနှုန်းတက်တာနဲ့အမျှ အငြင်းပွားမှုတွေ ကြီးထွားလာတာကြောင့် ကျူးဘားသမ္မတ မီဂဲလ်ဒီးယက်ဇ်ကာနေးလ်ဟာ ဖေဖော်ဝါရီ ၂ ရက်မှာ စီးပွားရေးဝန်ကြီး အာလက်ဟန်းဒရိုး ဟီးလ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပါတယ်။
ကွန်မြူနစ်အုပ်ချုပ်နေတဲ့ ကျူးဘားနိုင်ငံမှာ လောင်စာဆီနဲ့ သယ်ယူပို့ဆောင်ရေးခ နှုန်းထားတွေ တိုးမြှင့်ဖို့ ကြေညာထားတဲ့ အစီအမံတွေ နှောင့်နှေးမှုတွေကြောင့် အငြင်းပွားမှုတွေ ဆက်ပြီးကြီးထွားလာတာ ဖြစ်ပါတယ်။
သမ္မတ ဒီးယက်ဇ်ကာနေးလ်ရဲ့ လမ်းညွှန်မှုအောက်မှာ နိုင်ငံတော်ကောင်စီဟာ စီးပွားရေးဝန်ကြီးဟောင်း ဟီးလ်ရဲ့နေရာကို အစားထိုးဖို့အတွက် အသက် ၆၀ နှစ်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ဟွာကင်းန် အလွန်ဆိုကို ခန့်အပ်ခဲ့ပါတယ်။
ကျူးဘားသမ္မတ ဒီးယက်ဇ်ကာနေးလ်ဟာ သောကြာနေ့မှာ သူ့ရဲ့ သိပ္ပံ၊ နည်းပညာနဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး အလ်ဘာရိုဆာပီရက်ဇ်ကို ထုတ်ပယ်ခဲ့ပြီး သူ့နေရာမှာ လွှတ်တော်အမတ်လည်း ဖြစ်တဲ့ BioCubaFarma ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ အက်ဒွာဒို မာတီနက်ဇ်ကို အစားထိုးခဲ့ပါတယ်။
အစားအသောက်လုပ်ငန်း ဝန်ကြီးဌာနကိုလည်း ဆန်တာကလာရာပြည်နယ် အုပ်ချုပ်ရေးမှူး၊ အသက် ၅၆ နှစ်ရှိ လွှတ်တော်အမတ် အလ်ဘာတို လိုပက်ဇ် က မာနူယလ် ဆန်တီယာဂို ဆိုဘရီနို ရဲ့ နေရာမှာ အစားထိုးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁ ရက်မှာ လူတွေ မနှစ်သက်ကြတဲ့ ဓာတ်ဆီဈေး ၅ ဆ မြင့်တက်မယ့် အစီအစဉ်ကို အစိုးရက ရပ်တန့်လိုက်ရပြီး ၂ ရက်အကြာမှာပဲ ခုလို အပြောင်းအလဲတွေ လုပ်ဆောင်လာတာ ဖြစ်ပြီး ကျူးဘားနိုင်ငံပြင်ပမှ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် အကောင်အထည်ဖော်မှု ပျက်ပြားသွားတယ်လို့လည်း ဆိုပါတယ်။
အဲဒီနောက်မှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး နှုန်းထားတွေ မြင့်တက်မှုကို နှောင့်နှေးစေတဲ့ အလားတူ ကြေညာချက်ဆက်ပြီး ထွက်ရှိလာတာကြောင့် ဒီဆုံးဖြတ်ချက်ဟာ ကျူးဘားရဲ့ ဘဏ္ဍာရေးလိုငွေပြမှု ကြီးထွားလာခြင်းကို ထိန်းညှိဖို့ ပိုကျယ်ပြန့်တဲ့ စီးပွားရေးအစီအစဉ်ကို ကမောက်ကမ ဖြစ်စေခဲ့ပါတယ်။
စီးပွားရေးဝန်ကြီးဟောင်း ဟီးလ်ဟာ အစိုးရမှ ငွေကြေးစိုက်ထုတ်ထားတဲ့ ဝန်ဆောင်မှု များစွာအတွက် လူတွေ မကြိုက်ကြတဲ့ ဈေးနှုန်းတွေကို ဆွဲမြှင့်မယ့် အစီအစဉ်အတွက် အကြံပေး ထောက်ခံခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ ချွတ်ခြုံကျလုနီးပါး စီးပွားရေးကို သူ့ရဲ့စီမံခန့်ခွဲမှုအတွက် ဝေဖန်ခံနေရတာ ကြာပါပြီ။
ဒီဇင်ဘာလနဲ့ ဇန်နဝါရီလ အစောပိုင်းတုန်းက ကနဦးကြေညာခဲ့တဲ့ ဈေးနှုန်းတွေတက်မယ် ဆိုတဲ့ ဟီးလ်ရဲ့ အစီအစဉ်ကြောင့် နိုင်ငံတော်မှ ထောက်ပံ့ပေးထားတဲ့ အစားအစာ၊ လောင်စာဆီနဲ့ ဆေးဝါး အစီအစဉ်တွေပေါ်မှာ ကာလရှည်ကြာ မှီခိုနေရသူတွေ နေထိုင်ရာ ကျူးဘားနိုင်ငံကို တုန်လှုပ်စေခဲ့ပါတယ်။
Source/Photo-REUTERS/Amr Alfiky