ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ နိုင်ငံတော်အာဏာကို စစ်တပ်က လက်နက်နဲ့ ဓားပြတိုက်ပြီး အာဏာသိမ်းတာ ၃ နှစ်ပြည့်ပါပြီ။ ၃ နှစ်ဆိုတဲ့ကာလဟာ ကောင်းမွန်တဲ့ မူဝါဒတခု အသက်သွင်းဖို့ လုံလောက်တဲ့အချိန်၊ နိုင်ငံ့စီးပွားရေးကို ဆွဲတင်ဖို့ လုံလောက်တဲ့အချိန်ပါ။ ၃ နှစ်ဆိုတဲ့ ကာလဟာ စစ်ကောင်စီရဲ့ မူဝါဒတွေ အလုပ်ဖြစ်မဖြစ် မှတ်ကျောက်တင်လို့ရနိုင်တဲ့ ကာလပါပဲ။ ဒီ ၃ နှစ်တာကာလအတွင်းမှာ ဒေသတွင်းနိုင်ငံတွေရဲ့ နိုင်ငံ့စီးပွားရေးဟာ ကိုဗစ်ဒဏ်ကနေ နာလန်ထူပြီး တိုးတက်တဲ့အခြေအနေကို ပြန်ရောက်လာခဲ့ကြပါပြီ။
အရာရာကို သိတယ် တတ်တယ်လို့ ထင်နေတဲ့ စစ်ဗိုလ်ချုပ်တစု နိုင်ငံအာဏာအရပ်ရပ်ကို ထိန်းချုပ်ပြီး ထင်ရာစိုင်းခြင်းအောက်မှာ မြန်မာ့စီးပွားရေးကတော့ ဘက်ပေါင်းစုံက အနုတ်လက္ခဏာ ပြနေပါတယ်။ စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပပို့ကုန်၊ ပြည်သူ့ဝန်ဆောင်မှု စသဖြင့် စသဖြင့် ဘက်ပေါင်းစုံက ယိုယွင်းနေပါတယ်။ တိုးတက်လာတာဆိုလို့ ကုန်ဈေးနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ ငွေဈေး၊ ရွှေဈေး၊ ဒုစရိုက်မှု၊ အဂတိမှုတွေပဲ ရှိပါတယ်။ စစ်အုပ်စုရဲ့ အလုပ်မဖြစ် စီးပွားရေးမူဝါဒတွေဟာ ဒီမိုကရေစီ အကူးအပြောင်းကာလ ၁၀ နှစ်အတွင်း တိုးတက်ခဲ့သမျှကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုက်သလို ဖြစ်နေပါတယ်။ အခုအချိန်အထိ အရာရာကို အမိန့်ပေး ထိန်းချုပ်လို့ရမယ်လို့ စစ်အုပ်စုက ထင်နေပုံပါပဲ။
ဒေါ်လာဈေးတွေ၊ ရွှေဈေးတွေ တက်နေရင် အမိန့်ထုတ် ထိန်းချုပ်တယ်။ ဘဏ်မှာ လူတွေ တန်းစီပြီး ငွေထုတ်နေလား၊ အမိန့်ထုတ် ထိန်းချုပ်လိုက်မယ်။ ဒေါ်လာတွေ လိုနေသလား၊ အမိန့်ထုတ်ပြီး ပို့ကုန်လုပ်ငန်းတွေဆီကနေ ဓားပြတိုက်လိုက်မယ်။ ပြည်ပအလုပ်သမားတွေက ငွေပြန်မပို့ဘူးလား၊ အမိန့်ထုတ်လိုက်မယ် စသဖြင့် အားလုံးကို အမိန့်နဲ့ပဲ စီမံဖို့ ကြိုးစားပါတယ်။ ဆန်ဈေးတက်နေတဲ့အခါ ဆန်ဈေးကို ရည်ညွှန်းဈေး သတ်မှတ်ခိုင်းတယ်။ စားသုံးဆီဈေး တက်တဲ့အခါ ဆီရည်ညွှန်းဈေး သတ်မှတ်တယ်။ ရွှေဈေးတက်တဲ့အခါ ရွှေရည်ညွှန်းဈေး သတ်မှတ်တယ်။ ဒေါ်လာဈေးတက်တဲ့အခါ ဒေါ်လာရည်ညွှန်းဈေး သတ်မှတ်တယ်။ အကျိုးဆက်အနေနဲ့ မှောင်ခိုဈေးတွေ ပေါ်ပေါက်လာတာပဲ ရှိပါတယ်။
ဘဏ်လုပ်ငန်း
အာဏာသိမ်းပြီးတဲ့အခါ ပထမဆုံး ရပ်တန့်သွားတာဟာ ဘဏ်လုပ်ငန်းကဏ္ဍပါ။ ဘဏ်ဝန်ဆောင်မှုဆိုတာ ဘဏ်နဲ့ ဖောက်သည်အကြား ယုံကြည်မှုကို မဏ္ဍိုင်ပြုပြီး လည်ပတ်နေတာပါ။ ပြည်သူတွေဟာ ဘဏ်တွေကို ယုံကြည်မှုနည်းလာတဲ့အခါ ဘဏ်ထဲက ငွေတွေကို ပြန်ထုတ်ကြပါတယ်။ ငွေတွေ ပြန်ထုတ်တဲ့အခါ ဘဏ်တွေက လိုသလောက် ထုတ်မပေးနိုင်ပါဘူး။ လိုသလောက် ထုတ်မပေးနိုင်တဲ့အခါ ပြည်သူတွေဟာ ကိုယ့်ငွေမရမှာ စိုးတဲ့အတွက် အသည်းအသန် ထုတ်ဖို့ကြိုးစားပါတယ်။ ဒီအခြေအနေဟာ ဘဏ်တွေအတွက်ရော ဘဏ်ဝန်ဆောင်မှု အသုံးပြုသူတွေရောပါ နှစ်ဦးနှစ်ဖက် အကျပ်ရိုက်ကြရပါတယ်။ ပြည်သူတွေမှာလည်း ဘဏ်ထဲက ကိုယ့်ပိုက်ဆံကို စိတ်ကြိုက်ထုတ်ခွင့် မရသလို ဘဏ်တွေဟာလည်း ငွေထုတ်မပေးနိုင်တဲ့အတွက် ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ဆုံးရှုံးရပါတယ်။
ဘဏ်တွေဟာ ငွေကို အလုံအလောက် ထုတ်မပေးနိုင်လို့ ပမာဏကန့်သတ်ချက်နဲ့ ငွေထုတ်ပေးနေတာတွေကြောင့် ကုန်သွယ်ရောင်းဝယ်ရေး လုပ်ငန်းတွေဟာ စွမ်းအားရှိသလောက် မလည်ပတ်နိုင် ဖြစ်ခဲ့ရပါတယ်။ အာဏာမသိမ်းခင်ကာလ အရှိန်အဟုန်နဲ့ တိုးတက်စပြုလာတဲ့ ဘဏ်လုပ်ငန်းနဲ့ အီလက်ထရောနစ် ငွေပေးချေစနစ်တွေဟာလည်း ယိုင်လဲကုန်ပါတော့တယ်။ စစ်အုပ်စုဟာ အမိန့်မျိုးစုံထုတ်ပြီး ဆေးမြီးတိုနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားပေမဲ့ လပေါင်းများစွာကြာတဲ့အထိ မဖြေရှင်းနိုင်ခဲ့ပါဘူး။ အကျိုးဆက်အနေနဲ့ ပြည်သူတွေဟာ ကိုယ့်ငွေကိုယ် ရာခိုင်နှုန်းပေးပြီး ထုတ်ခဲ့ရသလို ပြည်တွင်း ကုန်ရောင်းကုန်ဝယ်တွေနဲ့ ပြည်ပပို့ကုန် စီးပွားရေးတွေလည်း ထိခိုက်ခဲ့ရပါတယ်။ ဒါ့အပြင် ပြည်သူတွေဟာလည်း မိမိလက်ထဲမှာ ငွေရှိရင် ဘဏ်ထဲထည့်ထားဖို့ မစဉ်းစားရဲတော့တဲ့အထိ ဘဏ်တွေအပေါ် အယုံအကြည် လျော့နည်းမှုဟာလည်း ဒီနေ့ထိပါပဲ။
တရိပ်ရိပ်တက်လာတဲ့ ဒေါ်လာဈေးနဲ့ ကုန်ဈေးနှုန်း
အာဏာမသိမ်းခင် ၁ ရက်အလိုက အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ၁,၃၃၅ ကျပ်သာ ရှိခဲ့ပါတယ်။ အာဏာသိမ်းတာ ၃ နှစ်ပြည့်ခါနီးမှာတော့ တဒေါ်လာ ၃,၅၂၀ ကျပ်အထိ ဒေါ်လာဈေး တက်လာခဲ့ပါတယ်။ အခုဖော်ပြထားတာကတော့ အာဏာမသိမ်းခင်က ဒေါ်လာဈေးနဲ့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒေါ်လာဈေးတွေကို ၆ လတကြိမ် ဈေးနှုန်းကို ယူပြီး ဖော်ပြထားတာပါ။ ဒီမှာ တွေ့မြင်ရတဲ့အတိုင်း ဒေါ်လာဈေးဟာ ကျသွားတယ်မရှိဘဲ ဆက်တိုက်ကို မြင့်တက်နေတာ တွေ့မြင်ရပါတယ်။
အာဏာမသိမ်းခင် ၁,၃၃၅ ကျပ်ပဲရှိခဲ့တဲ့ ဒေါ်လာဈေးဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဇူလိုင်မှာ ၁,၆၃၃ ကျပ်၊ ၂၀၂၁ ဒီဇင်ဘာမှာ ၁,၉၃၀ ကျပ် ရှိခဲ့ပါတယ်။ အာဏာသိမ်းတာ ဒုတိယမြောက်နှစ်ဖြစ်တဲ့ ၂၀၂၂ ဇူလိုင်မှာ တဒေါ်လာ ၂,၅၀၀ ရှိလာပြီး နောက်ခြောက်လအကြာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ ၂,၆၀၀ ကျပ် ရှိလာခဲ့ပါတယ်။ အာဏာသိမ်းတာ တတိယမြောက်နှစ်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ရဲ့ ဇူလိုင်လမှာတော့ နှစ်သောင်းတန်ငွေစက္ကူ ထုတ်မယ်ဆိုတာကြောင့် ဒေါ်လာဈေးဟာ ၄,၀၀၀ ဝန်းကျင်အထိ တက်သွားခဲ့ပြီး လကုန်ပိုင်းမှာတော့ ၃,၄၀၀ ကျပ်ဝန်းကျင် ပြန်ကျလာခဲ့ပါတယ်။ ၂၀၂၃ ဒီဇင်ဘာမှာတော့ ဒေါ်လာဈေးဟာ ၃,၅၂၀ ဝန်းကျင်အထိ ဈေးပေါက်ခဲ့ပါတယ်။
အာဏာမသိမ်းခင် ဒေါ်လာဈေးနဲ့ အခုလက်ရှိ ဒေါ်လာဈေးကို ယှဉ်ကြည့်လိုက်ရင် မြန်မာကျပ်ငွေတန်ဖိုးဟာ တော်တော်လေး ထိုးကျသွားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ရာခိုင်နှုန်းနဲ့ ဖော်ပြရရင် ၁၅၆ ဒသမ ၂ ရာခိုင်နှုန်း ကျပ်ငွေတန်ဖိုး လျော့ကျသွားတာပါ။ အခုဖော်ပြတဲ့အတိုင်း မြန်မာကျပ်ငွေဈေးဟာ ဇောက်ထိုးဆင်းသွားတာကို မြင်တွေ့ရမှာပါ။
ဒီလိုကျဆင်းသွားတာက ဘယ်သဘောဆောင်သလဲဆိုရင် ပြည်သူတွေပိုင်ဆိုင်တဲ့ ငွေသားဟာ ၃ နှစ်တာကာလအတွင်း ထက်ဝက်မက ကျဆင်းသွားတဲ့ သဘောပါပဲ။ မြန်မာကျပ်ငွေ ဘီလီယံ ၁၀ ပိုင်ဆိုင်တဲ့ လူတဦးဟာ အာဏာမသိမ်းခင်က အမေရိကန်ဒေါ်လာ ၇ သန်းခွဲနီးပါးနဲ့ ညီမျှတဲ့ ငွေတွေ ပိုင်ဆိုင်ပြီး ၃ နှစ်အကြာမှာတော့ အဲဒီငွေကြေးတန်ဖိုးဟာ ဒေါ်လာ ၂ ဒသမ ၈ သန်းပဲ တန်ဖိုးရှိပါတော့တဲ့။ နေရင်းထိုင်ရင်း ဒေါ်လာ ၄ သန်းခွဲလောက် ဆုံးရှုံးသွားတဲ့ သဘောပါပဲ။
အဲဒီလိုပါပဲ ရွှေဈေးဟာလည်း အာဏာမသိမ်းခင် တရက်အလို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တကျပ်သားကို ၁၃ သိန်း ၂ သောင်းပဲ ရှိခဲ့ရာကနေ အခုအခါမှာတော့ ၃၇ သိန်းအထိ ရောက်လာခဲ့ပါတယ်။ ကာလအလိုက် ဖြစ်ပေါ်ခဲ့တဲ့ ရွှေဈေးတွေကတော့ အာဏာသိမ်းပြီး ငါးလအကြာ ၂၀၂၁ ဇူလိုင်မှာ တကျပ်သားကို ၁၅ သိန်း ၈ သောင်းဝန်းကျင် ရှိခဲ့ပြီး ဒီဇင်ဘာမှာတော့ ၁၉ သိန်းဝန်းကျင်မှာ ရှိခဲ့ပါတယ်။ အာဏာသိမ်း ဒုတိယနှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာတော့ ၂၃ သိန်းကျပ်ဝန်းကျင် ရှိလာခဲ့ပြီး ဒီဇင်ဘာမှာ ၂၆ သိန်း ၇ သောင်း အထိ မြင့်တက်လာပါတယ်။ အာဏာသိမ်း တတိယနှစ် ဇူလိုင်မှာတော့ နှစ်သောင်းတန် ငွေစက္ကူထုတ်မယ့် ဂယက်ကြောင့် ဒေါ်လာဈေးတွေ မြင့်တက်ခဲ့သလို ရွှေဈေးတွေလည်း ၃၅ သိန်း ၄ သောင်းကျပ်အထိ မြင့်တက်လာခဲ့ပါတယ်။ ဒီဇင်ဘာလမှာတော့ ရွှေတကျပ်သားဟာ ၃၇ သိန်းဝန်းကျင် ဈေးပေါက်ခဲ့ပါတယ်။
စစ်ကောင်စီဟာ ရွှေနဲ့ ဒေါ်လာဈေးအပြင် အခြေခံစားကုန်တွေဖြစ်တဲ့ ဆန်နဲ့ စားအုန်းဆီ ဈေးတွေကိုလည်း ထိန်းချုပ်တဲ့အနေနဲ့ ရည်ညွှန်းဈေး သတ်မှတ်ပေးပြီး ရောင်းချစေခဲ့တာကြောင့် ဈေးကွက်ထဲမှာ ဈေးသုံးလေးမျိုး ဖြစ်လာပြီး မှောင်ခိုဈေးကွက်လည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဒေါ်လာဈေး ကြီးမြင့်တာအပြင် ဒေါ်လာရှားပါးတာ ကြုံလာရတဲ့ စစ်ကောင်စီဟာ ဒေါ်လာတွေကို လက်ဝါးကြီးအုပ် ထိန်းချုပ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ၂၀၂၂ ဧပြီ ၃ ရက်မှာပဲ ပို့ကုန်ရငွေအပါ ပြည်တွင်းမှာနေထိုင်သူတွေရဲ့ နိုင်ငံခြားသုံးငွေနဲ့ ရရှိတဲ့ ငွေတွေကို အလုပ်လုပ်ရက် ၁ ရက်အတွင်းမှာ ဗဟိုဘဏ်ဈေး တဒေါ်လာ ၁,၈၅၀ ကျပ်နှုန်းနဲ့ ကျပ်ငွေပြောင်းလဲရမယ်ဆိုတဲ့ ညွှန်ကြားချက်ထုတ်ပြီး (အဲဒီ ဧပြီလ ၃ ရက်မှာ ပြင်ပပေါက်ဈေး ၁ ဒေါ်လာ ၂,၀၃၀-၂,၀၅၀ ကျပ်နှုန်း ရှိခဲ့ပါတယ်) ပြည်တွင်းက လုပ်ငန်းတွေမှာရှိတဲ့ ဒေါ်လာငွေစာရင်းထဲက ငွေတွေကို ထိန်းချုပ်ရယူလိုက်ပါတယ်။
အဲဒီလိုထုတ်ပြန်ပြီး နောက်တရက် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဟာ ဧပြီ ၅ ရက်မှာပဲ အဲဒီလို အတင်းအကျပ် ဒေါ်လာကို မြန်မာငွေ လဲခိုင်းတဲ့အထဲမှာ ဝန်ကြီးဌာနတွေ အကျုံးမဝင်ဘူးလို့ ကြေညာချက် ပြင်ဆင်ထုတ်ပြန်ရပြန်ပါတယ်။ အဲဒီနောက် ဧပြီလ ၂၀ ရက်မှာတော့ အဲဒီလို အတင်းအကျပ် ငွေလဲခိုင်းတဲ့အထဲမှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ၊ အထူးစီးပွားရေးဇုန်က လုပ်ငန်းတွေ၊ သံတမန်တွေ မပါဘူးလို့ ပြင်ဆင် ထုတ်ပြန်ရပြန်ပါတယ်။ အဲဒီနောက်မှာလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းပါရင် ကင်းလွတ်ခွင့်ပေးမယ်၊ နောက် မပေးတော့ဘူး စသဖြင့် ပြောင်းလဲခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ ပြည်ပချေးငွေ ရယူထားတဲ့ လုပ်ငန်းတွေ ဒေါ်လာနဲ့ ချေးငွေပြန်ဆပ်တာကို ဆိုင်းငံ့ထားရမယ်ဆိုတဲ့ ညွှန်ကြားချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီးတော့ ပြည်ပကို ဒေါ်လာတွေ စီးထွက်မသွားအောင် ထိန်းချုပ်ခဲ့ပြန်ပါတယ်။
နိုင်ငံပို့ကုန်ရငွေတွေကိုလည်း အဲဒီလို အကြိမ်ကြိမ် မူဝါဒအပြောင်းအလဲ လုပ်ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်မှာ ပို့ကုန်ရငွေ ဒေါ်လာ ၆၅ ရာခိုင်နှုန်းကို ကျပ်ငွေ မဖြစ်မနေ လဲလှယ်ဖို့လိုပြီး ၃၅ ရာခိုင်နှုန်းကိုတော့ စျေးကွက်ပေါက်ဈေးအတိုင်း သုံးစွဲခွင့်၊ လွှဲပြောင်းရောင်းချခွင့် ရှိတယ်လို့ ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို အတင်းအကျပ် လဲလှယ်ခိုင်းရာမှာလည်း ဒေါ်လာဈေးကို ပြင်ပပေါက်ဈေးမဟုတ်ဘဲ ဗဟိုဘဏ်သတ်မှတ်တဲ့ တဒေါ်လာ ၂,၁၀၀ ကျပ်နဲ့ လဲလှယ်ခိုင်းပါတယ်။ အဲဒီလို လဲလှယ်ခိုင်းပြီး တနှစ်နီးပါးအကြာ ဇူလိုင်လမှာတော့ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းနဲ့ လဲလှယ်စေရာကနေ ၅၀ ရာခိုင်နှုန်းကို လျှော့ချပေးတယ်လို့ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။ နောက်ခြောက်လအကြာ ဒီဇင်ဘာလမှာတော့ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို လဲလှယ်စေရာကနေ ၃၀ ရာခိုင်နှုန်းကို လျှော့ချပေးတယ်လို့ ဗဟိုဘဏ်က ထပ်မံကြေညာခဲ့ပါတယ်။
တဖက်မှာလည်း ကျပ်ငွေတန်ဖိုးကျတဲ့အတွက် ကုန်ဈေးနှုန်းတွေ တက်လာတာကို ပြည်သူတွေ ခံစားလာရပါတယ်။ အခြေခံစားသောက်ကုန်တွေဟာ အာဏာမသိမ်းခင်က ဈေးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နှစ်ဆကျော် သုံးဆလောက် မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။ အာဏာမသိမ်းခင်က ဆန်ကြမ်းတပြည်ဟာ ၁,၀၀၀ ဝန်းကျင် ရှိခဲ့ရာကနေ အခုအခါမှာတော့ ၄,၀၀၀ ကျော်ထိ မြင့်တက်လာပါတယ်။ အခြေခံပြည်သူတွေ အဓိကစားသုံးတဲ့ စားအုန်းဆီ တပိဿာဟာ အာဏာမသိမ်းခင်က ၂,၀၀၀ ကျပ်ဝန်းကျင် ရှိခဲ့ရာက ၂၀၂၃ နှစ်လယ်လောက်မှာ ၁၀,၀၀၀ ကျော်အထိ တက်လာခဲ့ပြီး အခုအခါမှာ ၇,၀၀၀ ကျပ်ဝန်းကျင်မှာ ရှိနေပါတယ်။ အဲဒီလို မြင့်တက်လာတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဟာ သူတို့မူဝါဒ အားနည်းချက်တွေကို ဝန်မခံဘဲ ကုန်သည်တွေရဲ့ မတော်လောဘကြောင့် ဖြစ်ရတာလို့ အပြစ်ဖို့ပါတယ်။ လုပ်ငန်းရှင်တွေကို ခေါ်ယူစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် ဆိုသလိုပါပဲ။ စစ်ကောင်စီက ပို့ကုန်လုပ်ငန်းရှင်တွေဆီက ဓားပြတိုက်ထားတဲ့ ဒေါ်လာတွေကို စက်သုံးဆီ တင်သွင်းသူတွေကို ရောင်းချရာမှာ စစ်ခေါင်းဆောင် ယုံကြည်အားထားရတဲ့ ညာလက်ရုံး ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ဒေါ်လာတွေကို အလွဲသုံးစား လုပ်ခဲ့ပါတယ်။
စစ်ကောင်စီဝင်လည်းဖြစ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီနဲ့ နိုင်ငံခြားငွေ ကြီးကြပ်ရေးကော်မတီ (FESC) မှာ ဥက္ကဋ္ဌလည်းဖြစ်တဲ့ မိုးမြင့်ထွန်းဟာ ပြည်ပက စားသုံးဆီ တင်သွင်းမှုမှာ ဗဟိုဘဏ်က သတ်မှတ်စျေးထက် ဒေါ်လာဈေးတင်ရောင်းတာမှာ ပါဝင်ပတ်သက်ခဲ့တဲ့အပြင် ကုမ္ပဏီတွေဆီကလည်း တံစိုးလက်ဆောင်တွေ ရယူခဲ့တယ်ဆိုပြီး စကစက သူ့ကို ထောင်ဒဏ်တသက်တကျွန်း ချလိုက်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
စစ်ကောင်စီဟာ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ငွေကြေးအကူအညီတွေ မရတော့ကြောင်း မကြာခဏ ဝန်ခံညည်းတွားလေ့ရှိပြီး အဲဒီလို အကူအညီမရပေမဲ့ သူတို့ဟာ ခေတ်အဆက်ဆက်က ချေးယူထားတဲ့ ပြည်ပကြွေးမြီတွေကို တနှစ် အမေရိကန်ဒေါ်လာ သန်း ၇၀၀ လောက် ပေးဆပ်နေရတယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း နိုင်ငံတကာက ငွေကြေးအကူအညီတွေ မပေးတော့တဲ့အပြင် ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်တာ အသစ်ဝင်မလာတော့တာတွေ ဖြစ်နေပါတယ်။
ရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်လိုက်မယ်ဆိုရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၀-၂၁ မှာ ၃ ဒသမ ၇၉ ဘီလီယံဒေါ်လာ ရှိခဲ့ပါတယ်။ အာဏာသိမ်းပြီး ၃ နှစ်တာကာလမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက စုစုပေါင်း ၂ ဒသမ ၈၆ ဘီလီယံပဲ ရှိပါတယ်။ နိုင်းယှဉ်ပြီး ပြောရမယ်ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၃ ဒသမ ၇၉ ဘီလီယံဒေါ်လာ ရှိခဲ့တာကြောင့် အာဏာသိမ်းပြီး ၃ နှစ်တာကာလ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဟာ အရပ်သား အစိုးရလက်ထက် တနှစ်တာ ရင်းနှီးမြှုပ်နှံမှုလောက်တောင် မရှိတာကို တွေ့ရပါတယ်။
ငွေကြေးဖောင်းပွမှု
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ အဆိုအရဆိုရင် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၂၀၂၁ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်း ၃ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ၁၈ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်း ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ခန်းမှန်းထားပါတယ်။ ၂၀၂၂ ခုနှစ်ကုန်က ခန့်မှန်းချက်မှာတော့ ၂၀၂၃ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုဟာ ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် ကုန်ခါနီးမှာတော့ ငွေကြေးဖောင်းပွမှု ၁၄ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုစာရင်းအင်းအဖွဲ့ရဲ့ အစီရင်ခံစာအရဆိုရင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်မှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၈ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်တွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်နဲ့ ပထမသုံးလပတ်မှာ ၁၈ ဒသမ ၄၅ ရာခိုင်နှုန်းပဲ ရှိခဲ့သလို ၂၀၂၁-၂၂ ပထမသုံးလပတ်မှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။
ကုန်ဈေးနှုန်းတွေ သိသိသာသာ ကြီးမြင့်လာတာ၊ ကျပ်ငွေဈေး ထိုးကျသွားတာတွေဟာ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ပြဿနာကို မီးမောင်းထိုးပြနေပါတယ်။ တဖက်မှာလည်း အလုပ်အကိုင် ရှားပါးမှုက ဗူးလေးရာ ဖရုံဆင့်တဲ့ကိန်းပါပဲ။ ILO ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ အလုပ်အကိုင်ပေါင်း ၁ ဒသမ ၈ သန်း ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ နည်းနည်းတိုးတက်လာပေမဲ့ အလုပ်အကိုင် ဆုံးရှုံးမှုဟာ ၁ ဒသမ ၁ သန်း ရှိနေဆဲလို့ ခန့်မှန်းပါတယ်။ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုမျဉ်းရဲ့ အောက်မှာ နေထိုင်နေရတယ်လို့ ခန့်မှန်းထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၀-၂၀၂၃ ခုနှစ်၊ လုပ်သားအင်အား ခန့်မှန်းစာရင်းအင်း အစီရင်ခံစာအရ ဆိုရင်လည်း မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ တရိပ်ရိပ်တက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်စု လူဦးရေကို အခြေခံထားတဲ့ လုပ်သားအင်အား၊ အလုပ်အကိုင်နဲ့ လုပ်ငန်းအမျိုးအစားအလိုက် အလုပ်လုပ်ကိုင်သူ ဦးရေအပေါ် အခြေခံပြီး ခန့်မှန်းတွက်ချက်ထားတာ ဖြစ်ပါတယ်။ အဲဒီ ခန့်မှန်းတွက်ချက်မှုအရ ဆိုရင် အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၀ ပြည့်နှစ်မှာ ၀ ဒသမ ၁၇ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၁ မှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်မှာ ၂ ဒသမ ၅၃ ရာခိုင်နှုန်း၊ ၂၀၂၃ မှာ ၃ ဒသမ ၆၉ ရာခိုင်နှုန်း ရှိလာတာကို တွေ့ရပါတယ်။ ဒီလို အလုပ်လက်မဲ့နှုန်း တိုးလာတာကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လုပ်ငန်းပိတ်သိမ်းတာ၊ လုပ်သားရွှေ့ပြောင်းသွားလာတာ၊ လုပ်သားဈေးကွက်နဲ့ အလုပ်အကိုင်ရရှိမှုအရ အလုပ်အကိုင်ခန့်ထားမှု တိုးတက်မှုနှုန်းဟာ လုပ်သားအင်အား တိုးတက်မှုကို လွှမ်းခြုံနိုင်မှု မရှိတာတို့ကြောင့်လို့ အစီရင်ခံစာကတော့ ကောက်ချက်ချထားပါတယ်။
တဖက်မှာလည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ပေါင်း ၁ ဒသမ ၃ သန်းကျော် ရှိနေပြီလို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၂၃ မှာ ထပ်မံထုတ်ပြန်တာမျိုး မတွေ့ရပေမဲ့ အလုပ်လက်မဲ့နှုန်းကတော့ ဆက်တက်နေဖွယ် ရှိပါတယ်။
အလုပ်လက်မဲ့ဖြစ်တာ၊ အလုပ်အကိုင်ရှားပါးတာတွေနဲ့ ရုန်းကန်နေရတဲ့ မြန်မာပြည်သူလူထုဟာ ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း အလူးအလဲ ခံစားနေရပါတယ်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ပြီး အိမ်ထောင်စုတွေရဲ့ ဝယ်ယူနိုင်စွမ်းကို နှေးကွေးသွားစေသလို အရေးကြီး အခြေခံစားသောက်ကုန်စျေးနှုန်းတွေ အထူးသဖြင့် ဆန်နဲ့ ပဲမျိုးစုံ စျေးနှုန်းတွေ ဆက်တိုက်ကြီးမြင့်လာနေခြင်းကြောင့်လည်း နိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံမှုကို ခြိမ်းခြောက်မှု ဖြစ်နေခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။ တနည်းပြောရရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လို့ အိမ်ထောင်စုတွေ ဝလင်အောင် စားနိုင်မှု လျော့ကျလာတယ်ဆိုတဲ့ သဘောပါ။
ကုန်သွယ်မှု
နိုင်ငံတကာမျက်နှာစာမှာ နိုင်ငံရေးအရ၊ စီးပွားရေးအရ အထီးကျန်လာတဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၃ နှစ်တာကာလတလျှောက် သွင်းကုန်လျှော့ချရေးနဲ့ ပို့ကုန်မြှင့်တင်ရေး ကြွေးကြော်ခဲ့ပါတယ်။ တဖက်မှာတော့ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ သွင်းအားစုနဲ့ လုပ်သားခစျေးတွေ မြင့်လို့ စိုက်ပျိုးရေးအရင်းအနှီးတွေ များလာပြီး စိုက်ပျိုးတောင်သူအချို့ တွက်ခြေမကိုက် အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ စိုက်ပျိုးရေးထွက်ကုန်တွေ အထွက်နှုန်း လျော့ကျခဲ့ပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းတွေကလည်း လျှပ်စစ်မီးမမှန်တာ၊ ကုန်ကျစရိတ်ကြီးမြင့်တာ၊ သယ်ယူပို့ဆောင်မှု ခက်ခဲတာတွေနဲ့ ရုန်းကန်နေရသလို တော်တော်များများလည်း ပိတ်သိမ်းသွားခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ ပစ်ခတ်မှုတွေ၊ ပဋိပက္ခတွေကြား လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ကုန်သွယ်ရေးလုပ်ငန်းကို နှောင့်နှေးစေသလို သယ်ယူပို့ဆောင်ရေးမှာ အတားအဆီး၊ အစစ်အဆေးများတဲ့ ကိစ္စရပ်တွေကလည်း ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းတွေ လုပ်သာကိုင်သာမရှိတာ၊ စက်သုံးဆီစျေး အပါအ၀င် စရိတ်စကတွေ တက်လာတာ စတဲ့အချက်တွေကလည်း ကုန်စည်ကူးသန်းရောင်းဝယ်ရေးအပေါ် ထိခိုက်စေပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်းကို ကြည့်မယ်ဆိုရင် အရပ်သားအစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၇၃၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။ အရပ်သားအစိုးရ လက်ထက်မှာ ၄ လ၊ စစ်ကောင်စီလက်အောက်မှာ ၈ လ ရှိခဲ့တဲ့ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော် ရှိခဲ့ပြီး ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်မှာ ၁၆ ဘီလီယံကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ၃၃ ဒသမ ၉ ဘီလီယံကျော်နဲ့ အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၈ လအထိ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံကျော်ပဲ ရှိပါသေးတယ်။
ကုန်သွယ်မှုပမာဏ စုစုပေါင်းကို ကြည့်မယ်ဆိုရင် အရင်နှစ်တွေနဲ့ သိသိသာသာကြီး ထိုးကျသွားတာမျိုး မရှိပေမဲ့ ဘီလီယံချီ လျော့ကျနေတာ တွေ့ရပါတယ်။ ပို့ကုန်ပမာဏကို ကြည့်မယ်ဆိုရင်လည်း အာဏာသိမ်းတဲ့နှစ်ကစပြီး ဘီလီယံချီ လျော့ကျလာတာကို တွေ့ရပါတယ်။
ဒီနေရာမှာ ဘဏ္ဍာနှစ် သတ်မှတ်ပုံကို အနည်းငယ်ပြောဖို့ လိုပါမယ်။ NLD အစိုးရလက်ထက်မှာ ယခင် ဧပြီ-မတ် ဘဏ္ဍာနှစ် သတ်မှတ်နေရာကနေ ဒီဘက်နှစ် အောက်တိုဘာမှာ ဘဏ္ဍာနှစ် စပြီး နောက်နှစ် စက်တင်ဘာမှ ဘဏ္ဍာနှစ်ကုန်ဆုံးတဲ့ အောက်တိုဘာ-စက်တင်ဘာ ဘဏ္ဍာနှစ်ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့အခါမှာ ဘဏ္ဍာနှစ်ကို အရင်အတိုင်း ဧပြီ-မတ် ဘဏ္ဍာနှစ်ကို ပြန်ပြောင်းခဲ့တာကြောင့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်ဟာ ၆ လပဲ ရှိပါတယ်။
အဲဒီလို ပို့ကုန်လျော့ကျပြီး သွင်းကုန်တွေ မြင့်တက်နေတာကြောင့် ၂၀၂၂-၂၃ ကစပြီး ကုန်သွယ်ရေးလိုငွေ ပြလာခဲ့ပါတယ်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ ၆၇၇ သန်းရှိခဲ့ပြီး ၂၀၂၁-၂၂ ၆ လတာ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၆၉ သန်း ပိုငွေ ပြခဲ့တယ်လို့ ဆိုပေမဲ့ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်မှာ ဒေါ်လာ သန်း ၇၃၀ လိုငွေပြခဲ့ပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်မှာတော့ ၂၀၂၃ ခုနှစ် ဧပြီလကနေ နိုဝင်ဘာလအထိ ဘဏ္ဍာနှစ်ကုန်ဖို့ လေးလလိုနေသေးချိန်မှာ ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံကျော် လိုငွေပြနေတာကို တွေ့ရပါတယ်။ ဘဏ္ဍာနှစ်ကုန်ချိန်မှာတော့ လိုငွေပြနေတဲ့ ပမာဏဟာ ပိုပြီး တိုးလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စစ်ရေးပဋိပက္ခတွေကြောင့် နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ကုန်တဲ့အတွက် နယ်စပ်ကတဆင့် လုပ်ဆောင်တဲ့ ပို့ကုန်သွင်းကုန်တွေ သိသိသာသာ လျော့နည်း ကျဆင်းလာတာကြောင့် ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန် တင်ပို့မှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေ၊ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် တစတစ လျော့နည်းကျဆင်းလာသလို ပို့ကုန်တင်ပို့မှု လျော့ကျလာတာနဲ့အမျှ နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ရရှိမူလည်း လျော့နည်းလာပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး သွင်းကုန်ဈေးနှုန်းတွေနဲ့ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်လာပါတယ်။
၃ နှစ်ကြာပြီးသော်
အာဏာသိမ်းပြီး ၃ နှစ်ကြာတဲ့အချိန်အထိ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီဟာ အာဏာကို အရိုးခွေးခဲ ဖက်တွယ်ဆဲပါ။ လုပ်ဆောင်သမျှ အရာရာဟာ တိုင်းပြည်ကောင်းစား ပြည်သူတွေ ချောင်လည်တိုးတက်ဖို့ဆိုတဲ့ စေတနာသန့်သန့်ထက် အာဏာမစွန့်လွှတ်ရရေး ဆိုတဲ့ ရည်ရွယ်ချက် မူဘောင်အတွင်းကပဲ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ဟာ အာဏာကို လက်နက်နဲ့ အတင်းရယူ အာဏာသိမ်းပြီးကတည်းက သူ့ရှေ့က အရပ်သားအစိုးရကို မဲကိစ္စအစ ဘာသာရေး၊ နိုင်ငံရေးအလယ် စီးပွားရေးကိစ္စအဆုံး အကြိမ်ကြိမ်ဝေဖန် ပြစ်တင်ခဲ့ပေမဲ့ သူကိုယ်တိုင်က ၃ နှစ်ကြာတဲ့တိုင် လောက်လောက်လားလား လုပ်ပြနိုင်တာ မရှိသေးပါဘူး။ အရှုံးပေါ်ပြီး အလုပ်မဖြစ်လို့ ရပ်နားထားတဲ့ နိုင်ငံပိုင်စက်ရုံတွေကို အတင်းလည်ပတ်ပေမဲ့ လည်ပတ်တယ်ပဲ ရှိပါတယ်။ အဲဒီလိုပဲ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုပြီး မူဝါဒချ ကြွေးကြော် လုပ်ကိုင်နေပေမဲ့ လက်တွေ့မှာတော့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေဟာ လျှပ်စစ်မီးပုံမှန်မရတာ၊ သွင်းအားစု ကုန်ကျစရိတ် ကြီးမြင့်တာ၊ ငွေကြေးတန်ဖိုး မတည်ငြိမ်တာတွေကြောင့် ရပ်တည်ဖို့ခက်ခဲပြီး ပိတ်သိမ်းသွားခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ ဒုနဲ့ဒေးပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း တနှစ်ထက်တနှစ် လျော့ကျလာတဲ့အပြင် ရှိပြီးသား လုပ်ငန်းတွေကပါ ပြန်ထွက်သွားကြတာကြောင့် အလုပ်အကိုင် ဖန်တီးနိုင်မှုလည်း လျော့လာပါတယ်။ အလုပ်အကိုင်ဖန်တီးမှု လျော့လာတာကြောင့် အလုပ်လက်မဲ့နှုန်းလည်း မြင့်လာပါတယ်။
အဲဒီလိုပဲ ပညာရေး၊ ကျန်းမာရေး စတဲ့ အများပြည်သူဝန်ဆောင်မှုတွေဟာလည်း ဒီ ၃ နှစ်တာ ကာလအတွင်း ယိုယွင်းလာခဲ့ပြီး အလုပ်အကိုင်ရှားပါး၊ ငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်း ကြီးမြင့်တာတို့ကြောင့် ပြည်သူတွေရဲ့ စားဝတ်နေရေးဟာလည်း တနှစ်ပြီးတနှစ် ကျပ်တည်းလာပါတယ်။
လက်နက်နဲ့ အာဏာကိုပဲ နားလည်တဲ့ စစ်ခေါင်းဆောင်တွေက လုပ်ချင်တိုင်း လုပ်နေသမျှ မြန်မာ့စီးပွားရေးဟာ နာလန်ထူလာဖို့ မလွယ်ပါဘူး။ အာဏာသိမ်းထားတဲ့ စတုတ္ထမြောက်နှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်ကို လမ်းမျှော်ကြည့်ပြန်ရင်လည်း စီးပွားရေးကဏ္ဍမှာ အလားအလာကောင်းတွေ မမြင်ရသေးပါဘူး။