စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်နဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်က စစ်ကောင်စီ တပ်ရင်းတခုကို ဒေသခံ ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်က စစ်ကိုင်းတိုင်း၊ ဘုတလင်-ကနဲသွားကားလမ်း အနီးမှာရှိတဲ့ မိုး စာသင်ကျောင်းမှာ အထိုင်ချပြီး စစ်ဆေးရေး ဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဘုတလင်မြို့ခံတယောက်က “တိုက်ပွဲဖြစ်တာက သိပ်မကြာလိုက်ဘူး။ ပစ်တာကတော့ ၂ ဖက် အပြန်အလှန်ပစ်နေကြတာပဲ။ တိုက်ပွဲဖြစ်ပြီဆိုတော့လည်း အရပ်သားတွေက လုံခြုံရာ တိမ်းကြ၊ ရှောင်ကြ၊ ပုန်းကြရတာပေါ့ဗျာ။ အရပ်သားထိခိုက်မှုတော့ မရှိပါဘူး။ လူနေအိမ် သွပ်အမိုးအပေါက်လောက်တော့ဖြစ်တာပေါ့။ အခုတိုက်ပွဲဖြစ်တော့ ဒေသခံတယောက်အနေနဲ့ စိတ်ညစ်ရတယ် လို့ပဲ ပြောလို့ရမယ်ပေါ့ဗျ။ အကုန်လုံးက သေနတ်တွေနဲ့ဆိုတော့ အကုန်ကြောက်နေရတာပေါ့” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ကနီ-ကနဲ နဲ့ ဘုတလင်မြို့နယ်အတွင်းက လာတဲ့ ခရီးသည်တင်လိုင်းကားတွေ၊ ကုန်ကား၊ အိမ်စီးကားနဲ့ ဆိုင်ကယ်တွေကို ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်နေတာလို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တယောကက် “တိုက်ပွဲဖြစ်တာက မိုး စာသင်ကျောင်းထဲ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေကို ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါဗျ။ ပြည်သူအပေါ် ဆက်ကြေးကောက်ခံတာတွေလည်းလုပ်တယ်။ ပြည်သူတွေအပေါ် ကိုယ်ထိလက်ရောက်ပါတာတွေလည်း လုပ်တာကြောင့် အခုလို ဝင်တိုက်ရတာပါ။ ကျနော်တို့ ဝင်ပစ်ခတ်လို့ စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး ဒဏ်ရာရရှိတာတွေလည်းများတယ်ဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားတွေဟာ စစ်အာဏာ သိမ်းပြီးချိန်က စလို့ ၂၀၂၃၊ ဩဂုတ် ၆ ရက်နေ့အထိ ညပိုင်း ကင်းပုန်းဝပ်လေ့ရှိပြီး ဩဂုတ် ၇ ရက်နေ့မှာ မြို့နယ်မီးသတ်ရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းပြီး မြို့နယ်မီးသတ်ဦးစီးအပါအဝင် စခန်းအတွင်းနေထိုင်သူ ၂၁ ယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း မိုး စာသင်ကျောင်းမှာ တပ်စွဲဂိတ်ဖွင့်နေတာလို့ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာတော့ ကျောင်းရွာအခြေစိုက် ခလရ ၅၉၁ တပ်ရင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောင်းရွာ ဒေသခံတယောက်က “စစ်တပ်ဘက်က တိုက်ခိုက်ခံရပြီးနောက် လက်နက်ငယ်ကြီးပစ်သံတွေပါထပ်ကြားရတယ်။ မိနစ်အနည်းငယ်ကြာပဲ ဖြစ်ပြီး ရွာထဲမှာက လူတွေမရှိတော့ဘူး။ အားလုံးပြေးပုန်းနေကြတယ်။ အသွားလာက မရှိကြဘူး။ ဒီကနေ့မနက်အထိတော့ ပုံမှန်ပဲ ပြန်သွားလာနေကြတာပဲ” လို့ ပြောပါတယ်။
ကာကွယ်ရေးပူးပေါင်းအဖွဲ့တာဝန်ရှိသူတယောက်ကတော့ လက်နက်ကြီးနဲ့သွားရောက် ပစ်ခတ်ခဲ့ပြီး ထိခိုက်မှု အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
“မနေ့က ကျောင်းရွာ ၅၉၁ တပ်ရင်းကို မဟာမိတ်ပူးပေါင်းဘက်က ၄၀ မမနဲ့ ပစ်တယ်။ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ တပ်တွင်းအထဲကို ဝင်ကြတယ်။ တပ်ထဲမှာက စကစဘက်က မရှိကြဘူး။ တပ်ကနေစွန့်ခွာထားပြီး ဒီဘက် ခမရ ၅၈၃ တပ်ဘက်မှာ လူအင်အားလာဖြည့်ပြီး ရှိနေတာတော့ရှိတယ်။ ၅၉၁ တပ်တွင်းမှာ မိုင်းထောင်ထားခဲ့တာရှိတယ်” လို့ ပြောပါတယ်။
အဲဒီည ၉ နာရီလောက်က ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးရာနေရာဘက်က စစ်တပ်ကနေ လက်နက်ကြီး ၅ ချက်လောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။