ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ ခိုလှုံခွင့်လွယ်ကူစေရေးအကူအညီပေးဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဂျာမန်သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူ ဥက္ကဋ္ဌ ငြိမ်းချမ်းမေက တောင်းဆိုလိုက်ပါတယ်။
“မြန်မာ့လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေဟာ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို တရားဝင်လက်ခံထားတာ အနည်းဆုံး ဖြစ်နေပါတယ်။ ဒီတော့ ဒါက လုပ်ဆောင်ချက်တစ်ခု ဖြစ်နိုင်တယ်။ ဒါက လုပ်လို့ရတဲ့ လုပ်ဆောင်ချက်တခုပါ။”
ဒါ့အပြင် အီးယူ အနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ခံမှုမြှင့်တင်ဖို့နဲ့ သူတို့ကနေတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးပို့နိုင်ဖို့အတွက်လည်း တောင်းဆိုလိုက်ပါတယ်။
ဂျာမန်သွေးစည်းညီညွတ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းက အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး ပိုပြီးသိရှိနိုင်အောင် ဂျာမနီပါလီမန်အဖွဲ့ဝင်တွေနဲ့ ဒီနေ့ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
စစ်အာဏာသိမ်း ၃ နှစ်ပြည့်တော့မယ့်အချိန် ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်ကောင်စီက နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး နောက်ထပ် အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်တိုးလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တနှစ်သက်တမ်း ကောင်စီဖွဲ့ အုပ်ချုပ်ခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ်တိုးခဲ့တာ အခုတကြိမ်ဆိုရင် ၅ ကြိမ်ရှိပြီ ဖြစ်ပါတယ်။
ဂျာမန်သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူ ဥက္ကဋ္ဌ ငြိမ်းချမ်းမေက“ကျမတို့ အခု ပဋိပက္ခ တတိယနှစ်ကို ရောက်နေပြီ။ မြန်မာနိုင်ငံအကြောင်းပြောနေတဲ့ ဇာတ်ကြောင်းကို ပြောင်းဖို့ လိုနေပြီ။ ဒုက္ခရောက်နေတဲ့အကြောင်းချည်းပဲ မဟုတ်ဘူး၊ လူတွေ ခံစားနေရတဲ့ အကြောင်းချည်းပဲ မဟုတ်ဘူး။ မြန်မာနိုင်ငံက ပြည်သူတွေ မယုံနိုင်လောက်အောင် ခံနိုင်ရည်ရှိကြတယ်ဆိုတာကိုလည်း ကမ္ဘာကို ပြသနိုင်တယ်” ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးနဲ့ ဂျာမန်သွေးစည်းညီညွတ်ရေးအဖွဲ့ဟာ ပြင်သစ်နဲ့ ချက်နိုင်ငံလို အခြားဥရောပနိုင်ငံတွေမှာလည်း ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်လျက်ရှိပြီး ဂျာမနီနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေဆီကို မြန်မာနိုင်ငံက ပြည်သူတွေရဲ့ အသံတွေရောက်အောင် ကြိုးစားလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
ဟန်န
photo-Reuters