Home
မြန်မာသတင်း
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဖွဲ့စည်း၊ ဖွဲ့စည်းပုံရေးဆွဲရေး  ဆက်လုပ်မည် 
DVB
·
February 2, 2024
maxresdefault

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကို လွှတ်တော်အမတ်တွေ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ၊ သပိတ်ခေါင်းဆောင်တွေနဲ့ CDM  ဝန်ထမ်းတွေအပါအဝင်   စုစုပေါင်း လူပုဂ္ဂိုလ်  ၅၇ ဦးနဲ့ ဖွဲ့စည်းကြောင်း  ဖေဖော်ဝါရီ ၁ ရက်မှာ  ထုတ်ပြန်ကြေညာပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဟာ  ပြည်နယ်/ဖက်ဒရယ်ယူနစ်တို့ရဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရရှိရေး၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ပြန်လည် ထူထောင်နိုင်ရေးအပြင် အုပ်ချုပ်ရေးလေဟာနယ် မဖြစ်ပေါ်စေရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပီပြင်စွာပေါ်ပေါက်လာရေးအတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နေတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွက် သက်ဆိုင်သူအားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်ကို ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲနိုင်ရေးကို ဦးတည်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ရဲ့  ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေအရ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင်ကို  ဖေဖော်ဝါရီ ၁ ရက်နေ့ ကျင်းပတဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် အထူးအစည်းအဝေးမှ ကန့်ကွက်သူမရှိ အတည်ပြုဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်  ၁၃  ဦး၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  ဌာနေတိုင်းရင်းသား လူမျိုးစုကိုယ်စားလှယ်တွေအပါဝင် ၁၁ ဦး၊ CDM နိုင်ငံ့ဝန်ထမ်း ၁၁ ဦး၊ လေးစားယုံကြည်ခံရသူတွေနဲ့  သပိတ်ခေါင်းဆောင်များ ၁၁ ဦး၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၁၁ ဦး  စုစုပေါင်း   ၅၇ ဦးနဲ့ ဖွဲ့လည်းလိုက်တာပါ။

ဖေဖော်ဝါရီ  ၁  ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအဖွဲ့တွေရဲ့  ဘုံသဘောထားရပ်တည် ကြေညာချက်နဲ့အညီ စစ်ကိုင်းဖက်ဒရယ်ယူနစ် ဖွဲ့စည်းပုံရေးဆွဲရေးအတွက် အလုံးစုံပါဝင်တဲ့ အစုအဖွဲ့တခုကို မကြာခင်အတည်ပြုသွားမယ်လို့ စစ်ကိုင်းတိုင်းလွှတ်တော် ဥက္ကဋ္ဌ  ဦးမြင့်ထွေးက ဒီဗွီဘီကို  ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး အလုံးစုံပါဝင်နိုင်တဲ့ အစုအဖွဲ့တခုကိုတော့ ကျနော်တို့ မကြာခင်မှာ အတည်ပြုနိုင်တော့မယ်၊ အတည်ပြု ကြေညာပါတော့မယ်။ ကြေညာပြီးတာနဲ့ တပြိုင်နက်ရေးဆွဲရေး လုပ်ငန်းစဉ်ကို ကျနော်တို့ လုပ်သွားပါမယ်။ အခုမှစတာလို့ ကျနော်တို့ပြောပေမဲ့ တဖက်မှာ အားလုံး ဘုံသဘောတူညီချက်တွေနဲ့ ရှိခဲ့ကြတဲ့ ၂၁ ပင်လုံရဲ့ သဘောတူညီချက်တွေ၊ ဖက်ဒရယ်အတွက် တိုင်းရင်းသားအစုအဖွဲ့အသီးသီးက အခြေခံထားရမယ့်မူတွေ အကုန်လုံးကို ကျနော်တို့ ကိုးကားစရာ ရေးဆွဲစရာတွေက ရှိထားပြီးဖြစ်တယ်။ အတည်ပြုပြီးတာနဲ့ များမကြာမီ ကာလမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွက် ကြားကာလအတွက် အမြန်ဆုံး ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။"

အမျိုးသားညီညွတ်ရေးစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ ဦးဆောင်ပါဝင်ထားတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် လက်တွဲ တိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေရဲ့ ဘုံသဘောထားရပ်တည်ချက်တရပ် စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့  ဖေဖော်ဝါရီ  ၁ ရက်မှာ ထွက်ပေါ်ခဲ့တာပါ။

သဘောထားကြေညာချက်မှာ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ရေးဆွဲပြီး ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ TNUG ဖွဲ့စည်းရေး အပါအဝင် နိုင်ငံရေးမျှော်မှန်းချက်  ၆ ချက်၊ ရပ်တည်ချက် ၉ ချက်နဲ့ လုပ်ငန်းစဉ်အဆင့် ၆ ဆင့် ပါဝင်ခဲ့ပါတယ်။

ဒီကြေညာချက်မထွက်ခင်ကတည်းက စစ်ကိုင်း၊ မကွေး၊ ချင်းနဲ့ တနင်္သာရီတိုင်း တို့မှာ ကြားကာလ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဖွဲ့ရာမှာ နိုင်ငံရေးအရ လက်ဦးမှုယူတာတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

ကြေညာချက်ပါ ဖော်ပြချက်တချို့ဟာ ဒီဝေဖန်မှုတွေအတွက် အာမခံချက်တစုံတရာပေးတဲ့ အသုံးအနှုန်းတွေ ဖြစ်လာတဲ့အတွက် မြေပြင်မှာ အငြင်းပွားနေတဲ့အစုအဖွဲ့တွေကြားမှာ တစုံတရာ ပြေလျော့မှုရစေတယ်လို့ စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ဦးစိုးဝင်းဆွေက သုံးသပ်ပါတယ်။

"ဆက်သွယ်ရန်ဆိုပြီး သူတို့ထုတ်ပြန်ထားတဲ့အထဲမှာဆိုရင်လည်း CNF ပါတယ်၊ KNPP၊ KNU ပါတယ်၊ NUG ပေါ့။ တခြားသော ERO အဖွဲ့တွေပါဝင်တာမတွေ့ရသေးဘူးဆိုတော့ K2C Plus NUG လို့ ပြောလို့ရတယ်ပေါ့။ NUG မှာ Spokesperson တွေ ရှိတာပဲလေ။ သူတို့ကိုမပေးဘဲနဲ့ ဆက်သွယ်ရန်ဆိုတဲ့ အထဲမှာ NUG အနေနဲ့ ဦးတင်ထွန်းနိုင်ကိုပေးထားတယ်ပေါ့၊ ဒါကလည်း ထူးခြားချက်လို့ပြောလို့ရတယ်။ တခြားသော တော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံ ရပ်တည်နေတဲ့ အဖွဲ့တွေက မပါသေးဘူးဆိုတဲ့အနေအထားတွေ့ရတာကလည်း ထူးခြားချက်လို့ ပြောလို့ရတယ်။ ရပ်တည်ချက်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ အရင်ကပြောတာတွေ ထက်ပိုပြီးတော့ အသေးစိတ်ကျကျပြောဆိုလာတာတွေ့ရတယ်ဗျ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာရှိတဲ့ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲနဲ့ တော်လှန်ရေးအောင်မြင်ရေး စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်ဖို့အတွက် အသုံးချဖို့ အတွက်ပဲဖြစ်တယ်လို့ တော်တော်ရဲတင်းတဲ့ အရေးအသားလို့လည်း ပြောလို့ ရတယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ ဒီလိုမျိုးရေးသားပြောဆိုတဲ့အပေါ်မှာ ကြိုဆိုပါတယ်ဗျ။"

ဖေဖော်ဝါရီ ၁ ရက်ကြေညာချက်မှာ ကချင်၊ ရှမ်း၊ ရခိုင်နဲ့ မွန်တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့တွေရဲ့ အတိအလင်း ပူးပေါင်းပါဝင်မှု မရှိသေးတာကတော့ စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်ပါတယ်။

နိုင်ငံတဝန်း အဖွဲ့ပေါင်းထောင်နဲ့ချီပြီး ပြန့်ကျဲနေတဲ့ လက်နက်ကိုင်ဒေသကာကွယ်ရေးအဖွဲ့တွေကို စည်းရုံးနိုင်ရေးကလည်း စိန်ခေါ်မှုအဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းလွှတ်တော်  ဥက္ကဋ္ဌ ဦးမြင့်ထွေးက "အားနည်းချက်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးတွေနဲ့ ပတ်သက်လို့ လုပ်ငန်းစဉ်တွေကတော့ ကြိုးစားဆောင်ရွက်နေတာတခုပဲ ဒါကို ပွင့်ပွင့်လင်းလင်းပြောလိုပါတယ်။ ကျန်တာတော့မရှိပါဘူးဗျ။ ထုတ်ပြန် ကြေညာချက်တွေနဲ့ပတ်သက်ပြီး အားလုံး သဘောပေါက်နားလည် လက်ခံပေးဖို့ပဲဖြစ်ပါတယ်။ အဆင့်လိုက် အဆင့်လိုက်သွားတဲ့အခါမှာ တချို့ဟာတွေက လုပ်ငန်းစဉ်အဆင့်ဆင့်ဆိုတာ အရမ်းများပါတယ်။ တခါတခါမှာတော့ ကျနော်တို့ အချင်းချင်းကြားမှာ အင်အားစုအ သီးသီးကြားမှာ နားလည်သဘောပေါက်အောင် ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ဘုံရည်မှန်းချက် တူနေတာပဲဗျာ အားလုံးမသွားနိုင်စရာ အကြောင်းမရှိဘူးလို့ မြင်ပေမဲ့ တချို့သော အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာချက်တွေအပေါ်မှာ အင်အားစုတွေအကုန် ပါမလာဘူးဆိုတာတွေ့ရတယ်။ ဒီအတွက်စိတ်မကောင်းဖြစ်တာ၊ အားမရတာ၊ ဒါတွေကျနော်တို့ ကြားသိရပါတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်ပါ မျှော်မှန်းချက်မှာ ပထမဦးစားပေးအဖြစ် ဖော်ပြထားတဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်ဖို့နဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်မှာ ဒုတိယဦးစားပေးအဖြစ်ဖော်ပြထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံရေးမျှော်မှန်းချက် ၆ ရပ်ကို လက်ခံလာရင် စစ်အာဏာသိမ်းတာကို အဆုံးသတ်ပြီး တည်တည်ငြိမ်ငြိမ် အာဏာလွှဲပြောင်းဖို့ကိစ္စတွေအတွက် ဆွေးနွေးမယ်ဆိုတဲ့ ဖော်ပြချက်တွေပါဝင်ခဲ့ပါတယ်။

ဒီအချက်တွေဟာ နိုင်ငံရေးအရ အကူးအပြောင်းကို ဆွေးနွေးပွဲကတဆင့် သွားဖို့ လမ်းစခင်း တာမျိုးဖြစ်နိုင်ပေမဲ့ စစ်ခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကတော့ အရေးယူခံရမယ့် အခြေအနေမျိုးမှာပဲရှိနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013