ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင်းက စစ်ရှောင်ပြည်သူ ၄၀၀၀၀ ကျော်ဟာ စားနပ်ရိက္ခာအပြင် အနွေးထည်နဲ့စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ဇန်နဝါရီ ၂၃ ရက်ကစတင်ပြီး ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်ပူး ပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအပြင် လေကြောင်းကပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ပြည်သူတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မြို့တွင်းနဲ့ မြို့ပြင်ကျေးရွာမှာ ကျန်ရှိနေသေးတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ အမြန်ဆုံးတိမ်းရှောင်ကြဖို PNLA၊ PDF ပူးပေါင်းတပ်တွေက တိုက်တွန်းထားပါတယ်။
ဆီဆိုင်မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားက လုံးဖိုး၊ လွယ်သောဝ်၊ လွယ်ထွယ်၊ မီးရဲ့၊ တောင်းတပ်၊ နောင်ဟုဲင်း စတဲ့ကျေးရွာ ၂၀ ကျော်က ဒေသခံပြည်သူ ၄၀၀၀၀ ကျော်ဟာ ကက္ကူကျေးရွာ၊ ကက္ကူဘုရားအနီးတဝိုက်မှာ ခိုလှုံနေရပါတယ်။
ဒါအပြင် တောင်ကြီးမြို့၊ ဟိုးပုံးမြို့ နဲ့ နီးစပ်ရာ ဆွေမျိုးတွေရှိရာအပြင် ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း တွေမှာ တိမ်းရှောင်ခိုလှုံနေရပါတယ်။
စစ်ကောင်စီတပ်က မြေပြင်လက်နက်ကြီးအပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆီဆိုင်မြို့တွင်းနဲ့ အနီးအနားကျေးရွာက နေအိမ်၊ သာသနိကအဆောက်အအုံ၊ ဘုန်းကြီးကျောင်းနဲ့ ဈေးဆိုင်တန်းတွေမီးလောင်ဆုံးရှုံးခဲ့ရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ ကိုယ်လွတ်ရုန်းပြီး အသက်လုထွက်ပြေးလာခဲ့ရတာကြောင့် ဒုက္ခတွေအများကြီးနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများဆုံးပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ အသက်၂ နှစ်အောက် ကလေးငယ်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတဲ့အပြင် စစ်ရှောင်ပြည်သူတွေဟာ အအေးဒဏ်ခံနိုင်တဲ့ အနွေးထည်နဲ့စောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတဦးက ပြောပါတယ်။
ဒါအပြင် ကယားပြည်နယ်ဘက်ကနေ ဆီဆိုင်မြို့နယ်အတွင်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ပြည် သူ ၃ သောင်းကျော်ဟာ ထပ်မံထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်နေရပါတယ်။
စစ်ရှောင်ပြည်သူတွေဟာ နေထိုင်စားသောက်ရေးအခက်အခဲတွေကြောင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်အတွင်းကို ပြန်လည်ဝင်ရောက်ခိုလှုံတာတွေရှိတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
ဆီဆိုင်မြို့နဲ့ စစ်ကောင်စီရဲ့ ခမရ ၄၂၄ ကို ဇန်နဝါရီ ၂၆ ရက်နေ့တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခမရ ၄၂၃ တပ်ရင်းကို ဇန်နဝါရီ ၂၈ ရက်နေ့က အပြီးသပ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
အောင်ခန့်