မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းရွာရှိ အနင်းရဲစခန်းကို ဇန်နဝါရီ ၃၁ ရက် မနက် ၆ နာရီလောက်က တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ရေးဘီလူးတပ်ဖွဲ့က ပြောပါတယ်။
တိုက်ပွဲမှာ KNLA တပ်ရင်း ၂၇၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်းနဲ့ ပဒဲကောတပ်ဖွဲ့တို့ ပါဝင်ခဲ့ပြီး ရဲစခန်းအတွင်းမှာ ဘန်ကာနဲ့ စစ်ကောင်စီအင်အား အများအပြားရှိနေတဲ့အပြင် လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ပစ်ခတ်မှုတွေအချိန် ၅ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။
ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က “ ၄၅ မိနစ်ခန့်မှန်းထားပေမဲ့ ထင်သလိုမဟုတ်ဘဲ ရန်သူ့အင်အားလည်း များနေတယ်။ ရန်သူ့ဘန်ကာတွေကလည်း တအားကောင်း နေတဲ့အတွက် ကြာမြင့်ချိန်က ၅ နာရီလောက် ဖြစ်သွားတယ်။ မုဒုံ၊ သံဖြူဇရပ်ဘက်က တပ်တွေက အာရှလမ်းကို မသုံးဘဲ လာတယ်။ မြေပြင်မှာ အင်အား ၁၀၀ လောက်ရှိတယ်။ ၃၁၇ အမြောက်တပ်ထဲက လက်နက်ကြီးပစ်ကူ ရှိတယ်။ ဝေဟင်ကနေလည်း လေကြောင်း ၂ ကြိမ်ပစ်ခတ်သွားတယ်၊ စစ်ကောင်စီဘက်က သေဆုံးမှုတွေ ရှိတယ်။ ခန့်မှန်းခြေ အရ ၁၄ ဦး လောက်ရှိတယ်။ ဒဏ်ရာရသူတွေလည်း ရှိတယ် ”လို့ ပြောပါတယ်။
တော်လှန်ရေးတပ်တွေက အနင်းရဲစခန်းဧရိယာအတွင်းရှိ ဆက်သွယ်ရေးတူးမြောင်းအထိ သိမ်းပိုက်ထားနိုင်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က စစ်ကူအင်အားအလုံးအရင်းနဲ့ ရောက်ရှိလာနေခဲ့လို့ ပူးပေါင်းတပ်တွေက စခန်းအတွင်းကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
ဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဥ်ကနေ လေကြောင်းပစ်ခတ်မှုတွေကြောင့် အနင်းရွာရှိ လူနေအိမ် ၅ လုံးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ရေးဘီလူးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက် မနက် ၇ နာရီလောက်ကလည်း ရေးမြို့နယ်၊ အာယုတောင်ရွာနဲ့ စုံနံ့သာရွာကြားရှိ လမ်းမမှာ ပြည်သူ့စစ် ကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့စစ် ၃ ဦး သေဆုံးခဲ့ပြီး ဇန်နဝါရီ ၁၇ ရက် မနက် ၆နာရီ ကျော်လောက်ကလည်း ရေးမြို့နယ်ရှိ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်က စစ်ကောင်စီ ခလရ ၁၀၆ တပ် ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက် နေ့လည် ၁ နာရီလောက်ကလည်း ရေးမြို့နယ်ထဲရှိ ကျောင်းရွာ၊ စစ်ကောင်စီ ၅၉၁ တပ်ထဲကို ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဓာတ်ပုံ - ရေးဘီလူး