Home
နိုင်ငံတကာ
အကြမ်းဖက်မှုတွင်ပါဝင်သည့် အစ္စရေးအမျိုးသား ၄ ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
DVB
·
February 2, 2024
press world 222024

အကြမ်းဖက်မှုမှာပါဝင်ပတ်သက်နေသူလို့ စွပ်စွဲခံရတဲ့ အစ္စရေးအမျိုးသား ၄ ဦးကို ဝါရှင်တန်က ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ပြီးနောက်မှာ အမေရိကန်အရာရှိတွေဟာ အစ္စရေး တာဝန်ရှိသူတွေနဲ့ “ပွင့်ပွင့်လင်းလင်း” ပြောဆိုဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောပါတယ်။

ဆွေးနွေးခဲ့တဲ့အထဲမှာ အစ္စရေးအစိုးရဆီ တင်ပြထားခဲ့တဲ့ အလွန်အသေးစိတ်ကျတဲ့ ဆွေးနွေးမှုတွေအပြင် မြင်တွေ့ဖတ်ရှုရတဲ့ အကြမ်းဖက်မှု အစီရင်ခံစာတွေနဲ့ ကိုယ်တိုင် မှတ်တမ်းတင်ထားတဲ့ အကြမ်းဖက်မှု ကိစ္စတွေလည်း ပါဝင်တယ်လို့ မစ်လာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်ဘက်က သီးခြားကိစ္စရပ်တွေကို ဖော်ထုတ်ပြီး လူပုဂ္ဂိုလ်တွေကို အရေးယူဖို့ အစ္စရေးကို တောင်းဆိုခဲ့ကြောင်းနဲ့ သူတို့ကို အရေးယူတာတွေကိုလည်း တွေ့ခဲ့ရကြောင်း မစ်လာက ပြောပါတယ်။

ဘိုင်ဒင်အစိုးရဟာ အနောက်ဘက်ကမ်းက အစွန်းရောက် အခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်မှုထဲမှာ ပါဝင်ကြောင်း စွပ်စွဲခံထားရသူတွေကို ကြာသပတေးနေ့မှာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့တာဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ မူဝါဒတွေအပေါ် အမေရိကန်က မကျေနပ်ကြောင်း အချက်ပြနေတာလို့ ရိုက်တာမှာ သုံးသပ်ထားပါတယ်။

ဒီပိတ်ဆို့အရေးယူတဲ့အမိန့်ဟာ ပါလက်စတိုင်းတွေကို တိုက်ခိုက်တာ၊ ခြိမ်းခြောက်တာ၊ ပိုင်ဆိုင်မှုသိမ်းယူတာတွေကို လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်တဦးချင်းစီအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေနဲ့ ဗီဇာကန့်သတ်ချက်တွေကို ချမှတ်တဲ့စနစ်တရပ်ကို လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစ္စရေးက ဟားမတ်စ်တွေ အုပ်စိုးထားတဲ့ ဂါဇာကမ်းမြောင်ကို တုံ့ပြန်ချေမှုန်းခဲ့တဲ့ ၄ လနီးပါး ကာလအတွင်း နေ့စဉ် အခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုတွေက ၂ ဆကျော် တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024