ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးပြီး ၁၆၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းစာတစောင်က ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ဖော်ပြပါတယ်။
နိုင်ရိုဘီမြို့ အမ်ဘာကစီရပ်ကွက်ရှိ ဓာတ်ငွေ့ပြန်လည်ဖြည့်တင်းရေး ကုမ္ပဏီတခုမှာ ညသန်းခေါင်မတိုင်ခင် မီးစတင်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ အိုက်ဆက်ခ် မွာအူရာက လူမှုကွန်ရက်မှာ ပြောပါတယ်။
အဲဒီအဆောက်အအုံဟာ ၁၀ နှစ်လောက် သက်တမ်းကြာနေတဲ့ တရားမဝင် ဓာတ်ငွေ့သိုလှောင်ရုံတခုဖြစ်ပြီး ကုန်တင်ကားတွေလည်း အဝင်အထွက်များတယ်လို့ မျက်မြင်သက်သေ ဒေးဗစ် ကာမန်ဒီက ပြောပါတယ်။
နိုင်ရိုဘီခရိုင်ရှိ ကျန်းမာရေးအထောက်အကူပြု အရာရှိချုပ် ဂျော့ဖရေး မိုစီရီယာက “ပေါက်ကွဲမှုသတင်းကို ဒေသခံဝန်ထမ်းတဦးဆီက ဖုန်းလက်ခံရရှိပြီး ချက်ချင်းဆိုသလိုပဲ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကို စတင်ခဲ့ပြီးတော့ မီးသတ်ကားတွေနဲ့ လူနာတင်ကားတွေကို စေလွှတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားတဲ့နေရာမှာ ရိုက်တာသတင်းဌာနက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ မီးသတ်သမားတွေဟာ နေရာအတော်များများမှာ မီးငြှိမ်းသတ်နေတာကို ပြသထားပြီး အနီးအနားမှာလည်း အလောင်းတလောင်းကို စောင်နဲ့ဖုံးထားကာ မြေပြင်ပေါ်ချထားတာကို တွေ့ရပါတယ်။
ဒုက္ခသည်တွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း ဒေသခံ အရာရှိတဦးက ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters