ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်က ဇန်နဝါရီလ ဒုတိယအပတ်က စတင်ပြီး ပြည်သူ့စစ်သင်တန်းတက်ဖို့ စည်းရုံးခေါ်ဆောင်နေကာ မလိုက်တဲ့သူတွေကို ငွေ ၁၀ သိန်းအထိ တောင်းယူနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ပျားမွတ်လျှော်ချောင်းအုပ်စု၊ ဘုရားချောင်း ကျုံလတာအုပ်စု၊ ဖိုးသာအေးအုပ်စု အပါအဝင် ကျေးရွာအုပ်စု ငါးခုလောက်မှာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ၁ ရွာကို ၃ ယောက် မဲနှိုက်ရွေးချယ်ခဲ့တာဖြစ်ပြီး မဲပေါက်သူတွေအနေနဲ့ ပြည်သူ့စစ်သင်တန်း မတက်နိုင်ရင် ငွေ ၁၀ သိန်း ပေးဆောင်ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“စကစတပ်က ဗိုလ်မှူးဆိုလားမသိဘူး၊ သူက စည်းရုံးနေတာ၊ အကြောင်းရှိလို့ ခေါ်တာ၊ တိုင်းပြည် တည်ငြိမ်းအေးချမ်းဖို့ လုပ်တဲ့နေရာမှာ ပါဝင်ဖို့ ခေါ်တာတဲ့။ ကျေးရွာအုပ်စု ၁ စုကို မဖြစ်မနေ လူ ၃ ယောက်အထိ ပြည်သူ့စစ်ထဲ လိုက်ရမယ်လို့ ပြောတာ။ ခြောက်လိုက်၊ ချော့လိုက်နဲ့ ခေါ်နေတာ။ နောက်ဆုံးတော့ စစ်ကောင်စီတပ်က မဲကျတဲ့သူတွေထဲ မလိုက်ချင်ရင် ၁ ယောက် ၁၀ သိန်း ပေးရမယ် ပြောတော့တာပဲ။”
အဲ့ဒီလို ပြည်သူ့စစ်သင်တန်းတက်ဖို့ ခေါ်ယူနေတာကြောင့် ဒေသခံလူငယ်တချို့ဟာ မိမိတို့ မိရိုးဖလာ လယ်ယာလုပ်ငန်းတွေကို ကောင်းကောင်းမလုပ်နိုင်ဘဲ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့ခံတယောက်က “စကစက မထူးဇာတ်ခင်းနေပြီ။ ပြည်သူ့စစ်ထဲဝင်ရင်ဝင်၊ မဝင်ရင် ငွေတောင်းတော့တာပဲ။ တောင်းတဲ့ပမာဏကိုလည်း ကြည့်ပါဦး။ ဘယ်သူမှလည်း မလိုက်ချင်ဘူး။ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်နေတဲ့ ဧရာဝတီတိုင်းက တောင်သူလယ်သမားတွေကိုတောင် ပြဿနာရှိလာပြီ။ အခုဆို လယ်ယာလုပ်ငန်းတွေ ကောင်းကောင်းလုပ်ရမယ့်အချိန် လယ်သမား သားသမီးတွေ ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ အခု ပြည်သူ့စစ်သင်တန်းတက်ဖို့ ခေါ်တဲ့ အရပ်သားတွေကို ခမရ ၅၃၄ တပ်ရင်းမှာ ပြည်သူ့စစ်သင်တန်း ပေးမယ်လို့ သိရပြီး လတ်တလောအနေနဲ့ ဒေသခံ အရပ်သားတွေဟာ ပြည်သူ့စစ်ထဲဝင်တဲ့သူ မရှိသလို စစ်ကောင်စီက အရပ်သား ဒေသခံတွေကို အသုံးချဖို့ လုပ်လာတာလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ကလည်း ကျိုက်လတ်မြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့ အတွက်ဆိုကာ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဆိုပြီး ဘုံလုံချောင်း၊ ကျုံတုံးတမံ၊ ထားဝယ်မှိုင်း၊ ရုံးဒေါင့်၊ ထရော်ရွာသစ်၊ အိမ်ယာကြီး၊ လှည်းဆိပ်၊ ကလပ်ရပ်၊ ခနောင်ရွာသစ် စတဲ့ ကျေးရွာတွေက ဒေသခံ အယောက် ၁၀၀ ကျော်ကို စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူးတွေက တဆင့် ဖိအားပေး ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။