ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ယူကရိန်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဇာလူဇညီကို အခုသီတင်းပတ်မှာ ရာထူးကနေ နုတ်ထွက်ဖို့ ပြောဆိုခဲ့ပေမဲ့ သူက ငြင်းဆိုခဲ့ကြောင်း ယူကရိန်းမီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းမြေပြင်တပ်ဖွဲ့မှူး အိုလက်ခ်ဆန်ဒါ ဆီရ်စကီးကိုလည်း သူ့အထက်အရာရှိ ဗာလရီ ဇာလူဇညီရဲ့ နေရာမှာ အစားထိုးပြီး စစ်ဦးစီးချုပ်အဖြစ် ကမ်းလှမ်းခဲ့ပေမဲ့ သူက ငြင်းဆန်ခဲ့တယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်သူတဦးက ရိုက်တာသတင်းဌာနကို ဇန်နဝါရီ ၃၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
မြေပြင်တပ်ဖွဲ့မှူး ဆီရ်စကီးဟာ ကိယက်ဗ်ကို ကာကွယ်ရေးနဲ့ အရှေ့မြောက်ပိုင်း ခါကိဗ်ဒေသမှာ လျှပ်ပြက်သလို တိုးတက်မှုတွေရအောင် ကြီးကြပ်ခဲ့သူ ဖြစ်ပါတယ်။
“သူတို့ရဲ့စစ်စခန်းတွေကို တောင့်ခံထားဖို့၊ သူတို့ရဲ့နယ်မြေကို ချုပ်ကိုင်ထားဖို့နဲ့ ရန်သူကို အများဆုံး ဆုံးရှုံးအောင်လုပ်ပြီး ပင်ပန်းစေဖို့နဲ့ အရင်ဆုံး သိမ်းပိုက်နိုင်အောင်လုပ်ပြီး ဗျူဟာကျကျ ကာကွယ်ရေးလုပ်ဆောင်ဖို့ ဆိုတဲ့ ရည်မှန်းချက်တွေကို နေ့စဉ်နဲ့အမျှ လုပ်ဆောင်နေကြောင်း” မြေပြင်တပ်ဖွဲ့မှူး ဆီရ်စကီးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ၂ ပတ်လောက်က အီရာပင်န်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အခုတော့ အီရာပင်န်နယ်မြေရဲ့ ၉၅ ရာခိုင်နှုန်းကို ကျနော်တို့ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းနဲ့ စစ်ကူတွေပို့ဖို့ ရန်သူအသုံးပြုတဲ့ လမ်းတွေကိုဖြတ်ပြီး မြို့တွေကို ပြန်ထိန်းချုပ်ဖို့ အခုချီတက်နေပါပြီ” လို့လည်း ဆီရ်စကီးက ပြောပါတယ်။
ယူကရိန်းစစ်ဦးစီးချုပ် ဇာလူဇညီကို ဆက်ခံမယ့်သူတွေအဖြစ် ဆီရ်စကီးနဲ့ စစ်ထောက်လှမ်းရေး အကြီးအကဲ ကီရီလို ဘူဒါနော့ဗ် တို့က သတင်းပြေးနေကြောင်း ယူကရိန်းမီဒီယာတွေက ညွှန်းထားပါတယ်။
ဇာလူဇညီကို စစ်ဦးစီးချုပ်ရာထူးမှ နုတ်ထွက်စေခြင်းဟာ အရေးကြီးတဲ့ အမေရိကန်နဲ့ ဥရောပသမဂ္ဂရဲ့ ပံ့ပိုးကူညီမှု အနာဂတ်အတွက် မသေချာ မရေရာမှုတွေ ကြီးထွားလာချိန်မှာ နိုင်ငံအရှေ့ပိုင်းမှာ ရုရှားရဲ့တိုက်ခိုက်မှု အများအပြားကို ကာကွယ်နေရတဲ့ ယူကရိန်းစစ်တပ်အတွင်း ကြီးမားတဲ့လှုပ်ခတ်မှု ရှိနေတာဖြစ်ပါတယ်။
မြေပြင်တပ်ဖွဲ့မှူး ဆီရ်စကီးကို ဘယ်အချိန်မှာ ဘယ်လိုမျိုး ကမ်းလှမ်းခဲ့တယ် ဆိုတာတော့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်က အတိအကျ မပြောနိုင်သေးပါဘူး။
ယူကရိန်း စစ်ဦးစီးချုပ်နဲ့ သမ္မတရုံး တို့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်တွေကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
Source/Photo-REUTERS/Valentyn Ogirenko