အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းထားတာ ၃ နှစ်ပြည့်တဲ့ ဒီနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူ့ရဲ့ အစိုးရအဖွဲ့ကို ဒုတိယဝန်ကြီးချုပ် ၆ ယောက်၊ စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန ၄ ခုနဲ့ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းတယ်လို့ ကြေညာပါတယ်။
စစ်ကောင်စီဟာ အစိုးရအဖွဲ့ကို မကြာခဏပြင်ဆင်လေ့ရှိပြီး ဒီနေ့ပြင်ဆင်တာမှာတော့ ပြီးခဲ့တဲ့ ၂၀၂၃၊ ဩဂုတ်လတုန်းက နံပါတ် ၄ နေရာကိုရောက်ခဲ့တဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက နံပါတ် ၃ နေရာကို ပြန်ရောက်လာပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နံပါတ် ၄ နေရာကို ရောက်သွားပါတယ်။
စစ်ကောင်စီရဲ့ အစိုးရအဖွဲ့မှာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဝန်ကြီးချုပ်တွေအဖြစ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ဖြစ်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ဝန်ကြီးအဖြစ် ဦးကိုကိုလှိုင်၊ ဝန်ကြီးဌာန(၂) ဝန်ကြီးအဖြစ် ဦးအောင်နိုင်ဦး၊ တိုးလာတဲ့ ဝန်ကြီးဌာန(၃) ဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုး၊ ဝန်ကြီးဌာန(၄) ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး မိုးအောင် တို့ကို တာဝန်ပေးထားပါတယ်။
နယ်စပ်ရေးရာဝန်ကြီး အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး အဖြစ် ဒေါက်တာကံဇော်၊ ဥပဒေရေးရာဝန်ကြီး အဖြစ် ဒေါက်တာသီတာဦး၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးမောင်မောင်အုန်း၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး အဖြစ် ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး အဖြစ် ဦးမင်းနောင်၊ သမဝါယမနဲ့ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးအဖြစ် ဦးလှမိုး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် ဦးခင်မောင်ရီ၊ လျှပ်စစ်စွမ်းအားဝန်ကြီး အဖြစ် ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးအဖြစ် ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးအဖြစ် ဒေါက်တာချာလီသန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ် ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီးအဖြစ် ဦးမြင့်နောင်၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ဦးထွန်းအုံ၊ ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာညွန့်ဖေ၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးအဖြစ် ဒေါက်တာမျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီး အဖြစ် ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီး အဖြစ် ဦးမင်းသိန်းဇံတို့ဖြစ်ပြီး အပြောင်းအလဲ မရှိပါဘူး။
ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီး အဖြစ် ဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးအဖြစ် ဒေါက်တာစိုးဝင်း၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးအဖြစ် ဒေါက်တာသက်သက်ခိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် Jeng Phang နော်တောင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်ကတော့ ဟိုးအရင်ကတည်းကဖြစ်ခဲ့တဲ့ ဦးဇော်သင်းသန်းကို တာဝန်ပေးထားတာကြောင့် အပြောင်းအလဲ မရှိပါဘူး။