မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရင်းဘို့ကျေးရွာက အရပ်သား ဒေသခံ အမျိုးသမီး ၄ ယောက်ကို ဇန်နဝါရီ ၂၉ ရက်က စစ်ဝတ်စုံဝတ်ထားတဲ့ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသတ်ခံရသူတွေဟာ အသက် ၂၄ နှစ်အရွယ် မအိမေဂျာ၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ခင်ဆွေဝင်း၊ အသက် ၆၂ နှစ်အရွယ် ဒေါ်ညွန့်မေ နဲ့ အသက် ၃၀ အရွယ် မဇင်မာတင် တို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဖမ်းခေါ်သတ်ဖြတ်ခံရတာ၊ PDF တွေကို ဆက်သွယ် ထောက်ပံ့နေတယ်ဆိုပြီး ပြောခေါ်သွားတာ။ အရပ်ဝတ်နဲ့ တချို့ စစ်တပ်ဝတ်စုံ ဝတ်ထားတဲ့ သူတွေက ခေါ်သွားပြီး ရွာအပြင်ဘက်မှာ သေနတ်နဲ့ သတ်ဖြတ်ခဲ့တာ။ ဦးခေါင်းနဲ့ မျက်နှာတွေမှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ” လို့ ပြောပါတယ်။
သေဆုံးသူတွေဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက် နေထိုင်သူတွေဖြစ်ပြီး အမျိုးသမီး ၄ ယောက်ကို ဘယ်လက်နက်ကိုင်အဖွဲ့က သတ်သွားတယ်ဆိုတာကို ဇန်နဝါရီ ၃၁ ရက်အထိ မသိရသေးပါဘူး။
ဒေသခံ တက်ကြွလှုပ်ရှားသူတယောက်က “အသတ်ခံရတဲ့သူတွေက အရပ်သားတွေပါ။ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း မဟုတ်ဘူး။ စကစ ဘက်ကလည်း မဟုတ်ဘူး။ ဘယ်အဖွဲ့ဆိုတာတော့ လောလောဆယ် မသိရသေးဘူး” လို့ ပြောပါတယ်။
အမျိုးသမီးတွေရဲ့ အလောင်းတွေကို ဒေသခံတွေက ကောက်ယူပြီး မြင်းခြံဆေးရုံကို ပို့ပေးထားကာ နောက်တရက်မှာတော့ မိသားစုဝင်တွေက အလောင်းတွေ ပြန်သယ်သွားပြီး နာရေးကိစ္စတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၇ ရက်ကလည်း မြင်းခြံမြို့နယ်၊ မြင်းခြံ-မကျီးသမျှား လမ်းဘေး၊ မကျီးသမျှားရွာ အနီးမှာ မြင်းခြံမြို့ အမှတ် ၂ ရပ်ကွက်က အသက် ၁၉ နှစ်အရွယ် မောင်တင်မျိုးခိုင်၊ မောင်ခန့်ချောနဲ့ မောင်မြတ်သူ၊ အသက် ၂၂ နှစ်အရွယ် မောင်မွှားတားနဲ့ အသက် ၂၅ နှစ်အရွယ် မောင်ခိုင်ဝေဖြိုးတို့ လူငယ် ၅ ယောက် ဦးခေါင်းပွင့်ထွက် သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။