ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ၃ နှစ်ပြည့်တဲ့နေ့မှာပြုလုပ်တဲ့ “အပြင်မထွက် အသံတိတ်သပိတ်” အဖြူရောင်လှုပ်ရှားမှုကို ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
အသံတိတ်သပိတ်ဟာ ဒီနေ့မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ၁၀ နာရီ မတိုင်ခင်က ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ လူသွားလူလာနဲ့ ယာဉ်သွားယာဉ်လာတွေ များခဲ့ပေမဲ့ ၁၀ နာရီနောက်ပိုင်းမှာ ရန်ကုန်မြို့ရဲ့ ယာဉ်လမ်းကြောတွေဟာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့ပြီး အိမ်စီးကားတချို့နဲ့ အငှားယာဉ်၊ YBS တို့သာ လမ်းမပေါ်မှာ တွေ့ရတော့တယ်လို့ YBS ယာဉ်မောင်းတဦးက ပြောပါတယ်။
“ဒီနေ့က ဂိတ်ကနေ ဆူးလေအသွားလည်း ခုံလူမစိဘူး။ အပြန်ကျတော့လည်း လူမစိဘူး။ လူတွေ၊ လမ်းတွေလည်း ရှင်းနေဝာာပဲ။ ကားပိတ်နေကျနေရာတွေလည်း မပိတ်ဘူး။ လုပ်အားပေးတဲ့နေ့လို့တောင် ပြောရမှာပဲ။”
၁၀ နာရီနောက်ပိုင်းမှာ ဆူးလေ၊ ပန်းဆိုးတန်းတဝိုက်မှာ လူသွားလူလာ အနည်းငယ်ရှိပေမဲ့ အဲ့ဒီလို သွားလာနေသူတွေဟာ အဲ့ဒီနေရာမှာ အလုပ်လုပ်ကိုင်ကြသူတွေ သွားလာနေကြတာလို့ ဝန်ထမ်းတဦးက ပြောပါတယ်။
စစ်ကောင်စီဟာ ဒီနေ့ပြုလုပ်မယ့် အသံတိတ်သပိတ် မအောင်မြင်စေဖို့အတွက် အမျိုးသားရေး အစွန်းရောက်တွေနဲ့ ငါးထောင်စားတွေကို ခေါ်ယူကာ မြို့တော်ခန်းမရှေ့မှာ ဗုဒ္ဓဘာသာကို စော်ကားသူတွေအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်သလို စစ်တပ်လော်ဘီတွေကလည်း ဒီနေ့မှာ ဆိုင်ပိတ်ရင် ပိတ်တဲ့ဆိုင်ကို ဖမ်းခိုင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဒီနေ့ နေ့လယ်မှာ မဘသနဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲရှိတာကြောင့် သမ္မတရုပ်ရှင်ရုံအနီးမှာ နေ့စား အမျိုးသားရေးအုပ်စုတွေနဲ့ ဘုန်းကြီးတချို့ စုဝေးရောက်ရှိနေကြတာလည်း တွေ့ရပါတယ်။
photo- ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားလမ်း၊ ပန်းဆိုးတန်းလမ်းနဲ့ မြို့တွင်းလမ်းမတွေပေါ်မြင်ကွင်း (မနက် ၁၁ နာရီခွဲ ဝန်းကျင်)