စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်နေ့မှာ ပြည်သူတွေ အိမ်ပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း အသံတိတ်သပိတ်ပြုလုပ်မယ့် အစီအစဉ်ကို ဖျက်ဖို့အတွက် စစ်ကောင်စီက ပုသိမ်မြို့က ဈေးဆိုင်တွေကို ဖိအားပေးကာ ဆိုင်ဖွင့်ခိုင်းနေပြီး ဆိုင်မဖွင့်ပါက ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့က ဈေးအားလုံးနီးပါးရှိ ဈေးဆိုင်တွေနဲ့ လမ်းဘေးဈေးဆိုင်တွေ အားလုံးကို စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူများဆိုတဲ့အဖွဲ့က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့မှာ ဆိုင်ဖွင့်ဖို့ ကွင်းဆင်းပြောဆိုခဲ့ပြီး ဈေးဆိုင်တွေမဖွင့်ပါက ဖမ်းဆီးပြီး ဒဏ်ငွေရိုက် ထောင်ချမယ်လို့ ပြောဆို ခြိမ်းခြောက်တာလို့ ဒေသခံတွေက ဆိုပါတယ်။
ပုသိမ်မြို့ပေါ်က ဈေးသည် အမျိုးသမီးတယောက်က “ကျမတို့ပုသိမ်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက အသံတိတ်သပိတ် ပျက်စေဖို့အတွက် ကြိုးပမ်းနေတယ်။ ဈေးဆိုင်တွေကို ဖေဖော်ဝါရီ ၁ ရက်ကို မဖြစ်မနေ ဆိုင်ထွက်ရမယ်လို့ ပြောတယ်။ လိုက်စစ်ဆေးတဲ့အခါ ဆိုင်မဖွင့်ထားရင် ဒဏ်ငွေလည်းရိုက်မယ်၊ လူကိုလည်း ဖမ်းပြီး ထောင်ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက်မှုကြောင့် ဖွင့်ရောင်းတဲ့ဆိုင် အနည်းငယ်သာရှိပြီး ဈေးလာဝယ်ယူတဲ့သူမရှိဘဲ မြို့တခုလုံးနီးပါး တိတ်ဆိတ်နေပြီး အသံတိတ်သပိတ်ကို ဆင်နွှဲနေတယ်လို့ ပုသိမ်မြို့ခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့ခံတယောက်က “လုံးဝ လုံးဝ မကြောက်ပါဘူး။ ပြည်သူတွေအားလုံးက မတတ်သာလို့သာ ၃ နှစ်လောက်အထိ ငြိမ်နေရတာ။ စကစဘက်က အသံတိတ်သပိတ်ကို မဖြစ်စေဖို့ ဖိအားပေး ဈေးဆိုင်တွေ ဖွင့်ခိုင်းလို့သာ ဖွင့်ကြတာပါ။ ဈေးဝယ်ယူမရှိတော့ အလကားပဲလေ။ ဈေးဆိုင်တွေက သူတို့စကား နားထောင်တာ မဟုတ်ဘူး၊ အတင်းအကျပ်လုပ်ထားလို့ ဖွင့်ထားတယ်။ ဒါပေမဲ့ ဟန်ပြသက်သက်ပါပဲ။ မြို့တခုလုံး တိတ်ဆိတ် ငြိမ်သက်နေတယ်” လို့ ပြောပါတယ်။
ပုသိမ်မြို့ရဲ့ အဓိကလမ်းမကြီးတွေနဲ့ ဈေးတွေ၊ ပုသိမ်တံတားသစ်၊ ရွှေမုဌောဘုရား၊ အရင်ရက်တွေက အရမ်းစည်ကားတဲ့ နေရာတွေမှာ မနက် ၇ နာရီကစပြီး လူသူသွားလာ မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ၊ ရဲတွေနဲ့ ယာဉ်ထိန်းရဲတွေကတော့ စစ်ကားတွေနဲ့ မြို့အတွင်းမှာ အသံတိတ်သပိတ်ကို တုံ့ပြန်တဲ့အနေနဲ့ လှည့်ပတ်နေပြီး တချို့နေရာတွေမှာ ကားတွေ ဆိုင်ကယ်တွေကို ရပ်တန့်စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။
စစ်တပ်က အာဏာသိမ်းမှု ၃ နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာနိုင်ငံတဝန်းက ပြည်သူတွေအနေနဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike ဆင်နွှဲကာ အိမ်ပြင်မထွက်ကြဖို့၊ လုပ်ငန်းခွင်ထဲမှာသာ နေကြဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက တိုက်တွန်း နှိုးဆော်ထားတာ ဖြစ်ပါတယ်။