ဂျော်ဒန်နိုင်ငံထဲမှာ အမေရိကန်စစ်မှုထမ်းတွေ သေဆုံးခဲ့တဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာ ဆုံးဖြတ်လိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၃၀ ရက်မှာ ပြောလိုက်ပေမဲ့ အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။
ဖလော်ရီဒါပြည်နယ်ဆီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွက် အိမ်ဖြူတော်ကနေ ထွက်လာချိန်မှာ ဘိုင်ဒင်က သတင်းထောက်တွေကို ခုလိုပြောလိုက်တာပါ။
အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းမှာ ပိုကျယ်ပြန့်တဲ့ စစ်ပွဲကို မလိုအပ်ဘူး၊ အီရန်နှင့် စစ်ပွဲကိုလည်း အမေရိကန်က မလိုလားဘူးလို့လည်း သူက ဆက်ပြောပါတယ်။
ဘိုင်ဒင်ဟာ ရွေးချယ်စရာတွေကို ချိန်ဆနေပြီး လက်တုံ့ပြန်တိုက်ခိုက်တာတွေ ရှိလာမယ်လို့ မျှော်လင့်ထားပေမဲ့ တုံ့ပြန်မယ့်အချိန်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
“အရှေ့အလယ်ပိုင်းမှာ ပိုကျယ်တဲ့ စစ်ပွဲကို မလိုအပ်ဘူးလို့ ကျနော်ထင်ပါတယ်။ အဲဒါက ကျနော်ရှာနေတာ မဟုတ်ဘူး” လို့ ဘိုင်ဒင်က ထပ်ပြောပါတယ်။
တိုက်ခိုက်တာတွေကို ဘယ်လိုတုံ့ပြန်ဖို့ ဆုံးဖြတ်ထားလဲလို့ မေးရာမှာ ဘိုင်ဒင်က “ဟုတ်ကဲ့” လို့သာ တုံ့ပြန်ပါတယ်။
အီရန်မှာ တာဝန်ရှိသလားလို့ မေးမြန်းရာမှာ တိုက်ခိုက်သူတွေကို လက်နက်တွေပေးခဲ့တယ် ဆိုတဲ့ အချက်အနေနဲ့ သူတို့မှာ တာဝန်ရှိတယ်လို့ ကျနော်ခံယူထားပါတယ်လို့ ဘိုင်ဒင်က ပြောပါတယ်။
ဆီးရီးယားနိုင်ငံ နယ်စပ်နားက ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေကို အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေက ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည်သုံးဦး သေဆုံးပြီး ၃၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။
ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်း တခုကို အီရန်ကျောထောက်နောက်ခံပြု ကာတစ်ဘ် ဟစ်ဇ်ဘိုလာ စစ်သွေးကြွတွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည် ၃ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုင်ဒါက ပြောကြားခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်ကတည်းက ဒေသအတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှု ၃ ကြိမ်ရှိပြီလို့ ဆိုပါတယ်။
အမေရိကန်ရဲ့ ဘယ်အချိန် ဘယ်လိုတုံ့ပြန်မှု လုပ်ဆောင်မယ်ဆိုတဲ့အပေါ် လိုက်နာရလိမ့်မယ် လို့လည်း ဆိုပါတယ်။
ဇန်နဝါရီ ၃၀ ရက်က ပင်တဂွန်ဟာ ဒေသတွင်းရှိ အမေရိကန်တပ်တွေကို စစ်ဆင်ရေးတွေ ရပ်ဆိုင်းကြောင်း ကြေညာတဲ့ ကာတစ်ဘ် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် တိုက်ရိုက်မှတ်ချက်ပေးဖို့ ငြင်းဆန်လိုက်ပြီး အပြောထက် အလုပ်က ပိုသာတယ်လို့ပဲ ပြောဆိုခဲ့ပါတယ်။
“ထွက်ရှိလာတဲ့ ထုတ်ပြန်ချက်အရ အီရန် proxy အဖွဲ့တွေကို သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ကျနော်တို့ တောင်းဆိုထားတာဟာ ဒီထက်ပိုပြီး ရှင်းလင်းနိုင်မယ်တောင် မထင်ဘူး” လို့လည်း ရိုက်ဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Source/Photo-Reuters