ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ဟာ အွန်လိုင်းငွေကြေး လိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းနဲ့ မူးယစ်ဆေးဝါးအန္တရာယ် ဆန့်ကျင်တိုက်ဖျက်ရေးလုပ်ငန်းတွေကို နှိမ်နင်းသွားမယ်လို့ ဗဟိုကော်မတီက ဇန်နဝါရီ ၃၀ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။
SSPP/SSA ခေါင်းဆောင်ပိုင်းရဲ့ ၂၀၂၃ နှစ်ချုပ် အစည်းအဝေးကို ဌာနချုပ်မှာ ဇန်နဝါရီ ၂၀ မှ ၂၉ ရက်နေ့ထိ ကျင်းပပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေချမှတ်ခဲ့တာ ဖြစ်ပါတယ်။
SSPP/SSA ဟာ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒ၊ မျက်ကန်းမျိုးချစ်ဝါဒနဲ့ နယ်မြေချဲ့ထွင်ရေးဝါဒတွေကို ဆန့်ကျင်ပြီး အဆိုပါဝါဒတွေကို ဆန့်ကျင်တဲ့ မိတ်ဆွေတွေနဲ့ ပူးပေါင်းချီတက်သွားမယ်လို့ ဆိုပါတယ်။
နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ကာကွယ်ထိန်းသိမ်းပြီး ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ ဆည်မြောင်း၊ ရေ ၊ လမ်းတံတား စတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအပြင် ဒေသတွင်းနေ ပြည်သူများရဲ့ လူနေမှုဘဝ၊ စားဝတ်နေရေးတွေ ပံ့ပိုးကူညီကာကွယ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
SSPP /SSA ဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ် (အန်စီအေ)မှာ ပါဝင်ချုပ်ဆိုထားခြင်း မရှိသလို လက်ရှိ စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ် ၃ တပ်ဖွဲ့နဲ့ မဟာမိတ်ပြုထားပေမဲ့ မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်လာခြင်း မရှိသေးပါဘူး။
မြောက်ပိုင်းမဟာမိတ်တပ်က ကိုးကန့်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျားဖြန့်လုပ်သူတွေ၊ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်တွေ၊ တရားမဝင် တရုတ်နိုင်ငံသားတွေဟာ ရှမ်းပြည်တောင်ပိုင်းဘက်ကို တိမ်းရှောင်လာကြပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တွေက ကူညီလက်ခံထားတယ်လို့ ကွန်ဟိန်းဒေသခံ တယောက်က ဒီဗွီဘီကို ပြောပါတယ်။
SSPP /SSA ဌာနချုပ် ဝမ်ဟိုင်းဘက်မှာလည်း မျက်နှာစိမ်းတရုတ်လူမျိုးတွေ ရောက်ရှိနေပြီး ကျားဖြန့် ဟုတ်၊ မဟုတ်တော့ မသိရဘူးလို့ ကျေးသီးဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ ထိန်းချုပ်နယ်မြေတွေထဲက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းနဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေ ပိတ်ပင်တားဆီးရေးလုပ်ငန်းနဲ့ လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာထားပါတယ်။