Home
ဆောင်းပါး
ခြအုံပေါ်က ကျပုံ
DVB
·
January 31, 2024
Article 3_31012024

ဘုရား မှတ်လို့

ရှိခိုး ကိုးကွယ်။

ဖွတ် ထွက်လာမှ

တောင်ပို့မှန်းသိလေတယ်။

အိမ်ဖျက်မည့်ခြအုံရယ်

ဝိုင်းဖြိုမယ် ဖယ်ရှား။

မိသားစု ညီစွာဖြင့်

နိုင်ငံလုံးညီစွာဖြင့်

တူးထုတ်စို့လား။    ။

ခြံတောင်ပို့ကို တော်တော်များများ မြင်ဖူးကြမှာပါ။ ‌ခြတောင်ပို့ဟာ တောင်ကြီးတလုံးလို ထင်ရပေမဲ့ တူးကြည့်လိုက်တဲ့အခါ ဟောင်းလောင်းပေါက်များနဲ့ ခေါင်းပွတခုသာ ဖြစ်ပါတယ်။ ထူးခြားတာက တောင်ပို့မှိုပါ။ တောင်ပို့မှိုဟာ ကန်စွန်းရွက်နဲ့ကြော်ရင် အင်မတန် စားကောင်းလှပါတယ်။ ကျမငယ်ငယ်က အိမ်အောက်မှာ ခြအုံတခု ရှိပါတယ်။ ခြအုံလေးဟာ သူ့ဘာသာ တဖြည်းဖြည်း ကြီးလာပေမဲ့ အိမ်ကိုမထိခင် သိပ်ပြဿနာမရှိပါ။ အိမ်ကို ထိလာချိန်မှာတော့ အိမ်ရှိ သစ်သားတိုင်များကတဆင့် တအိမ်လုံး ခြစားသွားတတ်ပါတယ်။ ခြတက်ချိန်မှာ တကျိကျိအသံကို အသည်းယားဖွယ် ကြားရတတ်ပါတယ်။ ခဏလေးနဲ့ အိမ်ထောင်ပရိဘောဂတွေ ပျက်စီးကုန်တတ်ပါတယ်။ အဖိုးတန် စာရွက်စာတမ်းများ၊ စာအုပ်များဟာလည်း မသိလိုက်ခင် ပျက်စီးကုန်တတ်ပါတယ်။ အကြိမ်ကြိမ် ဖျက်ဆီးခံပြီးနောက် ခြအုံကို လက်မခံသင့်ကြောင်း နားလည်ပြီး ဖြိုဖျက်ပစ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ပေါက်တူးနဲ့ ပေါက်ရုံနဲ့ မရနိုင်ပါ။ တရွရွ ခြပေါက်များက အသည်းယားစရာ ကောင်းလှပါတယ်။ စွန့်ပစ်တဲ့နေရာမှာလည်း ခြများဟာ ထပ်ပြီး ပွားများလာတတ်ပါတယ်။ အတော်ဒုက္ခပေးတတ်တဲ့ ခြအုံပင် ဖြစ်ပါတယ်။ ခြအုံကို ဖြိုဖျက်ဖို့ နည်းလမ်းမျိုးစုံ သုံးရပါတယ်။ ပေါက်ထုတ်ပစ်၊ ပိုးသတ်ဆေးမျိုးစုံထည့်၊ ရေနွေးပူထည့်၊ အက်ဆစ်ထည့်၊ မျိုးစုံကြိုးစားပြီး နောက်ဆုံးမှာတော့ ခြကင်းစင်တဲ့ မြေကောင်းမြေသန့်တခုကို ရရှိနိုင်ခဲ့ပါတယ်။

အလားတူပဲ ကျမတို့ မြန်မာနိုင်ငံဟာ တတိတတိနဲ့ အတွင်းလှိုက်မျို ခြစားထားတဲ့ ဖက်ဆစ်အာဏာရှင်ဟာ တစတစနဲ့ ပြည်သူအားလုံးကို ဝါးမျိုဖို့ စနစ်တကျ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ အသားထဲကလောက်ထွက်၊ ရာထူးနဲ့ ငွေကြေးစည်းစိမ်အတွက် ပြည်သူကိုပင် အလွယ်တကူ သတ်ရဲတဲ့အထိ ဆိုးဝါးလာခဲ့ပါတယ်။ ပြည်သူကို အကြောက်တရားအောက် ပြားပြားမှောက်ဖို့ အမြဲတမ်း အနိုင်ကျင့် ဗိုလ်ကျလာခဲ့ပါတယ်။ ပြည်သူနှလုံး နုံးချိတာကို ကြည့်ရက်တဲ့ ပြည်သူ့ဘဏ္ဍာ စားနေကြများပါပဲ။ ရင်နာဖွယ် ကောင်းလေစွ။ နှစ်ပေါင်းများစွာ မသိသား ဆိုးဝါးလာခဲ့ပြီးမှာတော့ ၂၁ ရာစုခေတ်ရဲ့ နည်းပညာနဲ့ အင်တာနက်မျိုးဆက်အရောက်မှာ ဖက်ဆစ်အာဏာရှင်စနစ်ကြီးတခုလုံးဟာ ပြိုကျလုမတတ် အခြေအနေကို ရောက်ရှိလာခဲ့ရပါတယ်။ မဖြစ်နိုင်ဘူးလို့ အားလုံးက လက်ခံထားတဲ့ ဒီလောက် ခိုင်မာအားကောင်း ချမ်းသာတဲ့ အဖွဲ့အစည်းဟာ ဘာကြောင့် မထင်မှတ်လောက်စရာ အင်အားချည့်နဲ့လာခဲ့တာပါလဲ။ အင်မတန် စိတ်ဝင်စားစရာ မေးခွန်းတခုပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်၊ ကျမတို့အားလုံး မထင်မှတ်လောက်တဲ့ ဖက်ဆစ်အာဏာရှင်စနစ်ရဲ့ ကျဆုံးမှုဟာ ကျမတို့ကိုယ်တိုင်ပင် မှင်တက်အံ့ဩ ပြောလို့သာ ယုံရ၊ မြင်လို့ အားရမိတာပါ။ အဒီမေးခွန်းရဲ့ အဖြေက ခြစားခြင်းကြောင့်ပါပဲ။

စတင်စုဆောင်း လူသစ်ခေါ်ကတည်းက ခိုးတတ်သူများ၊ အချောင်သမားများ၊ ပြစ်မှုကျူးလွန်သူများ၊ လူလေလူလွင့်များကို အခကြေးငွေနဲ့ စုခဲ့ကြခြင်းက စပါတယ်။ အစကတည်းက သန္ဓေမမှန်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အောက်ခြေတပ်သားတင် ဒီလိုမဟုတ် အထက်အရာရှိဖြစ်လာမယ့် လူတွေဟာလည်း ခွင်ကောင်းတာ၊ ထောတာဆိုတဲ့ စကားလုံးတွေ အထင်ကြီးသူများပင် ဖြစ်ပါတယ်။ ခိုးတာ အကောင်းထင်ပြီး ခိုးပြီး ချမ်းသာလေ၊ အထင်ကြီးလေသူများပဲ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဟာ အရေးကြုံရင် ရဲဘော်ရဲဘက်စိတ်မရှိ၊ တကိုယ်ကောင်းစိတ်နဲ့ အချင်းချင်း ချနင်းကြတာဟာလည်း မြင်မကောင်း ရှုမကောင်းပါပဲ။ ကိုယ့်အဖွဲ့အစည်းရဲ့ နောက်ဆုံးအချိန်အထိ ခိုးလို့ကောင်းဆဲ ကောင်းမြဲပဲ ဖြစ်ပါတယ်။ ကိုယ့်အောက်ခြေမှာ ဖြစ်ချင်တိုင်းဖြစ်၊ ပျက်ချင်တိုင်း ပျက်နေပေမဲ့ သူတို့ခေါင်းဆောင်ကတော့ ကြီးကျယ်ခမ်းနားလှတဲ့ စံအိမ်အသစ်ကြီး ခိုးဆောက်နေခဲ့ပါတယ်တဲ့။ ဘယ်လောက်တောင် ယုတ်ညံ့လှတဲ့ အဖွဲ့အစည်းပါလဲ။ ဘုရားမှတ်လို့ ရှိခိုးကိုးကွယ်ခဲ့သူများခမျာ ဖွတ်ထွက်ကာမှ တောင်ပို့မှန်း သိရချိန်မှာတော့ အင်မတန်ကို နောက်ကျနေခဲ့ပါပြီ။ အလွန်ပင် တရားရဖွယ် ကောင်းလှပါတယ်။ သေချာတာကတော့ အဲဒီအဖွဲ့အစည်းကို ထောက်ခံသူအားလုံးဟာ အချောင်လိုချင်တဲ့စိတ်ဓာတ်နဲ့ အနိုင်ကျင့် ဗိုလ်ကျတတ်တဲ့ဉာဉ် ရှိကြတာပါပဲ။

ဒီလို တသက်လုံး ဗိုလ်ကျခဲ့တဲ့၊ ငယ်နိုင်လို ဖြစ်နေတဲ့၊ အင်မတန်ခိုင်မာလှတဲ့ အဖွဲ့အစည်းကို အချိန်တိုအတွင်း ပြန်လည်တော်လှန်နိုင်မယ် ဆိုတာဟာ လုံးဝ အံအားသင့်စရာပါ။ တကယ်ကို နည်းပညာခေတ်ရဲ့ ကူညီမှုတွေပါပဲ။ ညာမရတဲ့ခေတ်မှာ သစ္စာမမှန်သူတွေအဖို့ ကြာကြာစံရဖို့ လမ်းမမြင်နိုင်တော့ပါ။ အဲဒီလို မဖြစ်နိုင်တဲ့ အောင်မြင်မှုတွေ ဘာလို့ဖြစ်လာလဲဆို အကြောင်းတခုကတော့ အောင်ကို အောင်အောင် ကြိုးစားမယ်ဆိုတဲ့ စိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်များ၊ သားသည်မိခင်များ၊ အဘိုးအို အဘွားအိုများ၊ မသန်စွမ်းများနဲ့ နိုင်ငံတကာမှ ညမအိပ်ဘဲ တန်းစီ မဲပေးခဲ့ကြတဲ့ ပြည်သူ့ဆန္ဒကို အနိုင်ကျင့် စော်ကားခံခဲ့ကြရတဲ့အခါ ခံစားရတဲ့ ပြည်သူရဲ့ ဝမ်းနည်းအားငယ်မှုတွေဟာ ခံစားဖူးသူအားလုံး အသိဖြစ်ပါတယ်။ ကျမတို့အားလုံးဟာ အပ်တိုတောင်မပါ၊ လက်ကိုထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ ပြည်သူပါလဲ။ ဝက်ဝက်ကွဲလှတဲ့ သောင်ပြိုကမ်းပြို ပြည်သူကို မြင်ရတဲ့အခါ အာဏာရှင်အဖို့ မခံစားနိုင်စရာ ဖြစ်လာခဲ့ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူမျိုးဆက်သစ်ကလေးရဲ့ ခေါင်းကို တည့်တည့်ချိန် ပစ်သတ်ပြီးချိန်မှာတော့ မြန်မာပြည်သူအားလုံး ချုံးချုံးချ ဝမ်းနည်းငိုကြွေးခဲ့ကြရရှာပါတယ်။ နာကျင်ခံစား နာကြည်းခဲ့ပြီးပြီဖြစ်တဲ့ ပြည်သူကို အကြောက်တရားနဲ့ ဆက်အနိုင်ကျင့်နိုင်မယ် တွက်ခဲ့တာဟာ စစ်အာဏာရှင်ရဲ့ ပြင်မရတဲ့ မဟာအမှားပဲ ဖြစ်ပါတယ်။ ၈၈ အလွန် ၂၁ ပြည်သူဟာ နည်းပညာအကူအညီနဲ့အတူ ဒီမိုကရေစီအရသာ ခံစား မြည်းစမ်းဖူးခဲ့ပြီ ဖြစ်ပါတယ်။

လက်နက်နဲ့ အနိုင်ကျင့်တတ်သူဟာ လက်နက်ကိုသာ ကြောက်တတ်တယ်လို့ ပြည်သူတွေ ကောင်းကောင်း နားလည်လာခဲ့ပါတယ်။ မြင်သာအောင် ပြောရရင် လက်နက်မရှိသူကိုသာ ပစ်သတ် အနိုင်ကျင့် စော်ကားရက်စက်ခဲ့ပေမဲ့ လက်နက်ကြီး၊ လေယာဉ်နဲ့ ရမ်းသန်းထုကြပေမဲ့ လက်နက်ရှိတဲ့ သူတို့မွေးထားတဲ့၊ သူတို့ ငပွေး‌ ခေါ်တဲ့၊ သူ့တို့ ပထွေးကိုတော့ ဒုချုပ်အဆင့်က အစ သွားတွေ့ကာ အောက်ကျခဲ့ရရှာပါပြီ။ သူ့ဘက်၊ ကိုယ်ဘက်၊ အဘက်ဘက်က ဝိုင်းဆဲနေကြတာများ Facebook သုံးတတ်ရင် လဲသေလို့တောင် ရပါပြီ။ စစ်အာဏာရှင်ရဲ့ ထွက်လမ်းကတော့ အင်မတန့် အင်မတန်ကို ရုပ်ပျက်ဆင်းပျက်ပါပဲ။

ဒီလိုအခြေအနေမှာ အလွှာပေါင်းစုံဟာ သူမတူအောင် ညီညွတ်ပြီး ဘုံရန်သူကို ရှာတွေ့ခဲ့ကြပါပြီ။ အဲဒီညီညွတ်ခြင်းဟာ ခြအုံကရတဲ့ ချိုမြိန်လှတဲ့ တောင်ပို့မှိုနဲ့ တူပါတယ်။ ဒါကြောင့် ခြအုံမှရတဲ့ မှိုနဲ့တူတဲ့ ချိုမြန်လှတဲ့ စည်းလုံးညီညွတ်ခြင်းကို စားသုံးရင်း ခြအုံရဲ့ ကျပုံကို တစိမ့်စိမ့် ကြည့်ကြရအောင်ပါ။

ဒါပေမဲ့ ဒီလိုအခြေအနေရဖို့ လွယ်ကူနေခဲ့တာတော့ မဟုတ်ပါဘူး။ ကျမတို့ တသက်လုံး ပင်ပင်ပန်းပန်း စုဆောင်းခဲ့ရတဲ့ ကျမတို့ သွေးသားမျိုးဆက်တွေရဲ့ အနာဂတ်တွေ စတေးခဲ့ရပါတယ်။ ကျမတို့ ရဲဘော်ရဲဘက်တွေရဲ့ အသက်တွေ စတေးခဲ့ရပါတယ်။ အားလုံးရဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေ စတေးထားကြရပါတယ်။ ဒါကြောင့် ကျမတို့ဟာ ပန်းမဝင်ခင် “တက်မ” မထောင်ကြဖို့ မဖြစ်မနေ ကြိုးစားကြရပါမယ်။ နွားကွဲရင် ကျားဆွဲတတ်တာမို့ ဘေးစကားမှာ  ခွေးစားခံရနိုင်တာ မမေ့ကြပါနဲ့။ ဒါကြောင့် ကြားလေသွေးရင် အေးတတ်တာမို့ ပြီးဆုံးတည်လွတ်ဖို့ စည်းလုံးညီညွတ်ကြရပါမယ်။ သမိုင်းမှာ ကိုယ့်အမည် ခန့်ထည်ဖို့ တရားရချင် ခု အချိန်မီပါသေးတယ်။ ဒါကြောင့် မြန်မာပြည်အေးဖို့ တကာတွေ ဆေးကြပါလို့သာ တိုက်တွန်းလိုက်ရပါတယ်။           ။

သန့်ကေသာ (CDM ပညာရေးဝန်ထမ်း)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024