Home
နိုင်ငံတကာ
ဂါဇာအနောက်ဘက်ကမ်း ဆေးရုံတွင်းမှ စစ်သွေးကြွ ၃ ဦးကို အစ္စရေး ပစ်သတ်
DVB
·
January 31, 2024
Disguised Israeli 3 Palestinian_31012024

အနောက်ဘက်ကမ်းဒေသက ဆေးရုံတရုံကို ဇန်နဝါရီ ၃၀ ရက်နေ့မှာ အစ္စရေး ကွန်မန်ဒိုတွေက ဆေးဝန်ထမ်းတွေနဲ့ မွတ်စလင်အမျိုးသမီးတွေအသွင် ရုပ်ဖျက်ပြီး ဝင်ရောက်ကာ ပါလက်စတိုင်းစစ်သွေးကြွ သုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့  ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

အသတ်ခံရသူ သုံးဦးထဲက တဦးဟာ လှုပ်ရှားနိုင်စွမ်း မရှိတာကြောင့် ခုတင်ပေါ်မှာ လှဲနေရသူ ဖြစ်ပါတယ်။

အနောက်ဘက်ကမ်းက မြို့တမြို့ဖြစ်တဲ့ ဂျနင်းမြို့က အစ်ဘန်ဆီနာဆေးရုံမှာ ရှိနေတဲ့ စစ်သွေးကြွတွေကို လျှို့ဝှက်စစ်ဆင်ရေးနဲ့ နှိမ်နင်းခဲ့တယ်လို့ အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။

သေဆုံးသူတွေထဲက တဦးဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးမှာ ဝင်ရောက်ပစ်ခတ်မှုကို စီစဉ်ပေးခဲ့သူ ဟားမတ်စ်အဖွဲ့ဝင်တဦးဖြစ်ပြီး သူ့ဆီက ပစ္စတိုတလက် သိမ်းဆည်းမိခဲ့ပါတယ်။

နောက်နှစ်ဦးကတော့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့က ဂျနင်းတပ်ခွဲက ညီအစ်ကိုနှစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးလို ဝတ်ဆင် ရုပ်ဖျက်ထားတဲ့သူတွေ၊ ဆေးဝန်ထမ်းလို ဝတ်ထားတဲ့သူတွေ အပါအဝင် ၁၀ ဦးလောက်ဟာ ရိုင်ဖယ်သေနတ်တွေကိုင်ပြီး ဆေးရုံထဲမှာ ဝင်ရောက်ပစ်ခတ်နေပုံကို ဆေးရုံက စီစီတီဗွီမှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဌာနကလည်း သေဆုံးမှုကို အတည်ပြုထားပြီး ကျန်းမာရေးစင်တာတွေကို ကာကွယ်ပေးဖို့ အာမခံချက်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ ဆေးရုံတွေထဲမှာပါ လူသတ်ပွဲကျူးလွန်နေကြပြီလို့ ဝေဖန်ထားပါတယ်။

“လူနာတွေက ညာဘက်မှာ၊ ဆရာဝန်တွေ သူနာပြုတွေက ဘယ်ဘက်မှာဆိုရင် အကြမ်းဖက်သမားတွေက အလယ်မှာရှိနေတဲ့ ဆေးရုံတွေကို စစ်မြေပြင် မဖြစ်စေချင်ပါဘူး” လို့ အစ္စရေးစစ်ဦးစီးချုပ် ဟာဇီဟာလဗီက ဆိုပါတယ်။

“ဒါပေမဲ့ ဂါဇာ၊ ဂျူဒီယာ၊ ဆမာရီယာ၊ လက်ဘနွန်က ဆေးရုံတွေ၊ မြေပေါ်မြေအောက် ဥမင်တွေ၊ ဆေးရုံအောက်က ဥမင်တွေဟာ အကြမ်းဖက်မှုအတွက် အကာအကွယ် ဖြစ်မှာကိုလည်း ခွင့်ပြုသွားမှာ မဟုတ်ပါဘူး” လို့ စစ်ဦးစီးချုပ်က ဖြည့်စွက်ပြောပါတယ်။

ဂျူဒီယာနဲ့ ဆမားရီးယားဆိုတာ ဟီဘရူးသမ္မာကျမ်းအရ အနောက်ဘက်ကမ်းဒေသကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024