ရွှေစျေးမြင့်တက်နေတာကြောင့် ဧရာဝတီတိုင်းက ရွှေဆိုင်တွေမှာ ရွှေအရောင်း ရပ်တန့်လုနီးပါး အခြေအနေ ဖြစ်ပေါ်နေပြီး ရွှေလာရောင်းချသူများနေကာ ဇန်နဝါရီလမှာ ကာလပေါက်စျေးထက် ရွှေတကျပ်သားကို အနည်းဆုံး ကျပ် ၃၀,၀၀၀ ခန့်ထိ ဈေးလျှော့ကာ ရွှေဆိုင်တွေက ဝယ်ယူနေရတယ်လို့ သိရပါတယ်။
“ရွှေစျေးနှုန်းက မတည်ငြိမ်တော့ စျေးနှုန်းသတ်မှတ်ရတာ တော်တော်ခက်တယ်။ နေ့တိုင်းလိုလို စျေးတက်နေတော့ ရောင်းလိုက်ရင် ရှုံးတယ်၊ ရွှေဝယ်တဲ့သူထက် လာရောင်းတဲ့သူ ပိုများတယ်။ ကျမတို့ရွှေဆိုင်တွေက ကာလပေါက်စျေးထက် ၃ သောင်းလောက်အထိ လျှော့ဝယ်တယ်၊ အလျော့တွက် မပါသေးဘူး” လို့ ပုသိမ်မြို့က ရွှေရောင်းဝယ်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ၂၀၂၀ ခုနှစ်အတွင်းက ၁၆ ပဲရည် ရွှေတကျပ်သားကို ၉၃၇,၀၀၀ ကျပ်ရှိခဲ့ရာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်က ၁,၁၄၅,၀၀၀ ကျပ်၊ ၂၀၂၂ ခုနှစ်မှာ ကျပ် ၂,၂၀၀,၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး လက်ရှိ ၃,၅၅၀,၀၀၀ နဲ့ ရွှေဈေးကွက်သမိုင်းတလျှောက်မှာ အမြင့်ဆုံးဈေးအဖြစ် စံချိန်သစ်တင်နေတယ်လို့ သိရပါတယ်။
“ရွှေစျေးက ဒေါ်လာစျေးနဲ့ဆက်စပ်ပြီး တက်နေတာပါ။ ပြည်တွင်း အာဏာသိမ်းတဲ့ အကျပ်အတည်းနဲ့ ပြည်ပ အမေရိကန်၊ တရုတ်တို့ ထိုင်းနဲ့ ယူကရိန်းကြား ဖြစ်နေတဲ့ ပြဿနာတွေနဲ့ တင်းမာနေတဲ့ အခြေအနေနဲ့ ဆိုင်မယ်။ ဒါကြောင့် တချို့ကလည်း ရွှေစျေး ထပ်တက်မယ် ထင်နေကြတယ်။ ရွှေဆိုင်အများစုကတော့ ဖွင့်ထားရုံသာသာပဲ၊ ဘာမှ အလုပ်မဖြစ်ကြပါဘူး” လို့ မအူပင်မြို့က ရွှေအရောင်းအဝယ်နဲ့ ပန်းထိမ်လုပ်ငန်းရှင် တယောက်က ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ရွှေဆိုင်တွေမှာ ရွှေတွေပြန်လည်ဝယ်ယူရာမှာ ကာလပေါက်စျေးထက် တကျပ်သားကို ၃၀,၀၀၀ ကျပ်ခန့်သာ လျှော့ဝယ်ယူနေတာဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ရွှေစျေးနှုန်းအခြေအနေအရ ရွှေအပေါင်ဆိုင်လုပ်ငန်းတွေ အလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် အဲ့ဒီလို ရွှေဆိုင်တွေ အရောင်းလျော့ကျနေတာကြောင့် ရွှေအရောင်းဝန်ထမ်းတွေကို လျှောချလာလို့ အရောင်းဝန်ထမ်းတွေပါ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။