စစ်ကောင်စီလက်အောက်က စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးကို တပိဿာ ၅,၃၈၀ ကျပ်အထိ ဈေးနှုန်း ထပ်မံဆွဲတင်လိုက်ပါတယ်။
တလအတွင်း စားအုန်းဆီ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက တပိဿာကို မြန်မာကျပ် ၄၂၀ ကျော် မြင့်တက်လာပါတယ်။
အခြေခံလက်ကားရည်ညွှန်းဈေး မြင့်တက်လာလို့ စျေးကွက်ထဲမှာ စားသုံးဆီတပိဿာကို ၆,၀၀၀ ကျပ်ဝန်းကျင်ထိ ရောက်ရှိလာတယ်လို့ ရန်ကုန်မြို့ခံ စားသုံးသူတွေထံက သိရပါတယ်။
ရန်ကုန်မြို့ခံတဦးက “စားဆီက အခု အပြင်ဆိုင်တွေမှာ ၆,၀၀၀၊ ၆,၀၀၀ ကျော်နဲ့ ရောင်းပေးနေတယ်။ အရင်က တပိဿာကို ၄,၀၀၀ ကျော်နဲ့ တအိမ်ထောင်ကို ၅၀ သား ဝယ်ယူခွင့်ကတ်နဲ့ ရောင်းပေးတာ။ အခုက ကတ်ပါလည်း ၆,၀၀၀၊ မပါလည်း ၆,၀၀၀ ဈေးနဲ့ တချို့ဆိုင်တွေက ရောင်းပေးနေကြတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီကတော့ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်နေပြီး သယ်ယူစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ပြည်တွင်းဈေးကွက်မှာ ရောင်းဝယ်ရမယ့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေတာလို့ ပြောဆိုထားပါတယ်။
ပြည်တွင်း စားသုံးဆီသုံးစွဲမှုက တနှစ်ကို တန်ချိန် ၁၀ သိန်းကျော်အထိ ရှိတာကြောင့် မလေးရှားနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကနေ ပြည်တွင်းလိုအပ်ချက်အတွက် နှစ်စဥ် စားအုန်းဆီ တန်ချိန် ၆ သိန်းကနေ ၇ သိန်းအထိ နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းနေရတာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီ ဗဟိုဘဏ်က ပြည်တွင်း ငွေေကြးဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေကြေးတွေ ဆက်တိုက် ထုတ်ရောင်းပေးနေတယ်လို့ အသိပေး ထုတ်ပြန်ထားပေမဲ့ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်းတွေကတော့ တရိပ်ရိပ် မြင့်တက်နေတာ တွေ့ရပါတယ်။