မြန်မာနိုင်ငံမှာ စစ်ကောင်စီက ခရစ်ယာန်ဘာသာဝင်တွေအပေါ် ဖိနှိပ်တာတွေ တိုးလာတာနဲ့ လူသားချင်းစာနာမှု ကျဆင်းလာတာတွေနဲ့ ပတ်သက်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်အောက်လွှတ်တော်မှာ ဇန်နဝါရီ ၂၉ ရက်က ရှင်းလင်း တင်ပြခဲ့ပါတယ်။
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Chris ခရစ္စမစ်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပူးတွဲဦးဆောင်သူအဖြစ် ပါဝင်တက်ရောက်ခဲ့တယ်လို့ NUG က ဒီနေ့ ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ပြီး စစ်တပ်က မတရား အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်ကောင်စီက ခရစ်ယာန် ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားဖျက်ဆီးတာ၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တခြား ဘာသာရေးခေါင်းဆောင်တွေကို မတရားဖမ်းဆီး၊ ထောင်သွင်း အကျဉ်းချတာ၊ သတ်ဖြတ်တာတို့ကို ပိုပြီးတော့ ကျူးလွန်လာတာတွေနဲ့ ပတ်သက်ပြီး ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေနဲ့ ချင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ရှင်းလင်းပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြီးတော့ အဲဒီကျူးလွန်တာတွေအပေါ် တာဝန်ယူ၊ တာဝန်ခံမှု ရှိလာစေရေးနဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီတွေ တိုးမြှင့်လုပ်ဆောင် လာနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီဆွေးနွေးတင်ပြပွဲကို အမေရိကန်အစိုးရ၊ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဒုဥက္ကဋ္ဌ ဖက်ဒရစ်ခ်ဒေးဗီလည်း ပါဝင်ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့လည်း တက်ရောက်ခဲ့ကြပါတယ်။