ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာ ဇန်နဝါရီ ၃၀ ရက် ဒီနေ့မွန်းလွဲ ၂ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
လားရှိုးမြို့ ရပ်ကွက် ၃ သီရိလမ်းနဲ့ ကြာနီလမ်းထောင့်ရှိ RD စက်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီးအနီးနား ပေါက်ကွဲခဲ့ကြောင်း၊ ဆိုင်ကယ်နဲ့ အုတ်ခုံတွေ ပျက်စီးသွားပြီး အနီးကလူကြီးတယောက်နဲ့ ကလေးတယောက် ဗုံးစလွင့်စင်ကာ ဒဏ်ရာအနည်းငယ် ရသွားပေမဲ့ မစိုးရိမ်ရဘူးလို့ ဒေသခံက ဒီဗွီဘီကို ပြောပါတယ်။
ပေါက်ကွဲတဲ့အရာဟာ မိုင်းလား ဗုံးလားဆိုတာနဲ့ ဘယ်သူ့လက်ချက်လဲဆိုတာ သေချာမသိပေမဲ့ အသံကတော့ အလွန်ကျယ်လောင်စွာ ကြားရတယ်လို့ လားရှိုးဒေသခံက ပြောပါတယ်။
လားရှိုးမှာ လက်နက်ကိုင်အဖွဲ့တွေက ဈေးဆိုင်တွေ၊ ဟိုတယ်တွေဆီ ဆက်ကြေးတောင်းတဲ့ စာတွေ ပို့လေ့ရှိပြီး သတ်မှတ်ချိန်အတွင်း ဆက်ကြေးမပေးရင် အကြောင်းသိမယ်လို့ ခြိမ်းခြောက်ခံရတာတွေရှိတယ်လို့ မြို့ခံတွေထံက သိရပါတယ်။