Home
နိုင်ငံတကာ
ကုန်မာသယ်သည့် သင်္ဘောကုမ္ပဏီများ ပင်လယ်နီလမ်းကြောင်းသုံးရန် ဖိအားပေးခံရ
DVB
·
January 30, 2024
Red Sea ship_30012024

သံရိုင်းတို့ သီးနှံတို့လို ကုန်မာတွေ ကူးသန်းရောင်းဝယ်တဲ့ ကုမ္ပဏီတွေဟာ အန္တရာယ်ပိုများပေမဲ့ ဈေးပိုသက်သာပြီး ပိုမြန်တဲ့ ပင်လယ်နီကို ဖြတ်သန်းရတဲ့ ဆူးအက်တူးမြောင်း လမ်းကြောင်းကိုပဲ သုံးစွဲဖို့ သင်္ဘောပိုင်ရှင်တွေကို ဖိအားပေးလာတယ်လို့ Financial Times သတင်းစာက ဖော်ပြပါတယ်။

ပုံမှန်အားဖြင့်ဆိုရင် သင်္ဘောတော်တော်များများဟာ ဆူးအက်တူးမြောင်းကို ဖြတ်၊ ပင်လယ်နီကပဲ သွားကြတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ ဟူသီသူပုန်တွေက တိုက်ခိုက်မှုတွေ စလုပ်ပြီးနောက်ပိုင်း ဂွတ်ဟုတ်အငူကနေ တကွေ့ကြီး ပတ်သွားလာကြပါတယ်။

ဒါပေမဲ့ တချို့ ကုန်မာသယ်တဲ့ ကုမ္ပဏီတွေကျတော့ စာချုပ်ထဲမှာ ပုံမှန်ပါလေ့ရှိတဲ့ “စစ်ကာလ” အပိုဒ်ကို ဖြုတ်ပေးဖို့ တောင်းဆိုလာကြတယ်လို့ အေသင်အခြေစိုက် Allseas Marine ရဲ့ဥက္ကဋ္ဌ မိုက်ကယ်ဘာဂျူယာဂလူက ပြောပါတယ်။

ဒီစာပိုဒ်ပါနေရင်တော့ တိုက်ရိုက်သွားရမယ့်လမ်းကြောင်းက အန္တရာယ်များရင် လမ်းကြောင်း ပြောင်းသွားဖို့ သင်္ဘောကုမ္ပဏီဘက်က ဆုံးဖြတ်လို့ရပါတယ်။

ဒီအပိုဒ်ဖြုတ်လိုက်ရင် ဆူးအက်တူးမြောင်းက ဖြတ်သွားရမယ်ဆို မဖြစ်မနေ သွားရတော့မှာပါ။

ကွန်တိန်နာတင် သင်္ဘောကြီးတွေက ထုတ်လုပ်ပြီးသား ကုန်စည်တွေကို သံမဏိသေတ္တာပုံးကြီးတွေနဲ့ သယ်တာဖြစ်ပါတယ်။

ဒါပေမဲ့ ကုန်မာသယ်တဲ့ သင်္ဘောတွေကျတော့ အစုလိုက်အပြုံလိုက် ဝမ်းပုံစနစ်နဲ့ သယ်တာဖြစ်ပါတယ်။ ဒီလို ကုန်မာသယ်တဲ့ သင်္ဘောပိုင်ရှင်တွေက များသောအားဖြင့် ကုမ္ပဏီငယ်လေးတွေ ဖြစ်ပါတယ်။

တဖက်မှာလည်း ကုန်မာကုန်ကြမ်း ဖြစ်တာကြောင့် လမ်းကြောင်းတပတ်ကြီး ပတ်သွားရင် အချိန်ပိုကြာ၊ ပို့ခပိုကုန်ရုံတင်မကဘဲ ကမ်းကပ်တဲ့အချိန်ကျ နောက်ကျလို့ ပစ္စည်းမှာထားတဲ့သူက မယူတော့မှာ၊ လျော်ခိုင်းမှာ ဆိုတဲ့ ပြဿနာကို သင်္ဘောငှားပြီး ပစ္စည်းသယ်တဲ့ ကုမ္ပဏီက ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ပင်လယ်နီကို မဖြစ်မနေ ဖြတ်သန်းသွားဖို့ လိုလားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Source/Photo-Reuters/Suez Canal Authority

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024