မြန်မာ့အကျပ်အတည်းဖြေရှင်းရေး ကူညီဖို့ အားထုတ်မှုရဲ့ တစိတ်တဒေသအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့ ဘေးကင်းဇုန်တခု ဖန်တီးရေး ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို အာဆီယံကရော မြန်မာကပါ ကြိုဆိုခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း Bangkok post သတင်းစာက ဇန်နဝါရီ ၃၀ ရက်မှာ ဖော်ပြပါတယ်။
လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး (AMM) မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပမ်ပရီဘဟိဒါနုကာရက ဇန်နဝါရီ ၂၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ထိုင်း-မြန်မာနယ်စပ်ကြားမှာ ဘေးကင်းတဲ့ လူသားချင်းစာနာမှုဇုန်တခု ဖန်တီးဖို့က ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ဖြစ်ပါတယ်။ ဒါကို အာဆီယံအဖွဲ့ဝင်တွေက ကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို ပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီတွေနဲ့ ပတ်သက်လို့ အားလုံး သဘောတူညီခဲ့ကြပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။
အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီတွေအတွက် ပေါင်းစပ်ညှိနှိုင်းရေးစင်တာ (AHA) က ဒီအကူအညီမှာ လေ့လာစောင့်ကြည့်သူအဖြစ် အဓိကနေရာက ပါဝင်သွားမယ်လို့လည်း ပြောပါတယ်။
လူသားချင်းစာနာမှု အကူအညီအတွက်ကိုတော့ ထိုင်းကြက်ခြေနီနဲ့ မြန်မာကြက်ခြေနီ ပူးပေါင်းတာဝန်ယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံက လိုက်နာရမယ်ဆိုတဲ့ ဘုံသဘောတူညီချက် ငါးရပ်အတိုင်း ဆက်လက် လုပ်ဆောင်သွားဖို့လည်း အာဆီယံအဖွဲ့ဝင်တွေက သဘောတူညီခဲ့ကြောင်းနဲ့ ထိုင်းရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အဆိုပြုချက်ဟာ အဆိုပါငါးချက်ထဲက တချက်သာဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဖြည့်စွက်ပြောသွားပါတယ်။
Source-BangkokPost
Photo-MOFA-Thailand