တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် မနက် ၅ နာရီခွဲလောက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မီးလောင်ချောင်းရွာရှိ စခန်းချထားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “စခန်းက သိမ်းပြီးသွားပြီ။ လက်နက်ကောက်နေချိန် စကစဘက်က လေကြောင်းနဲ့ ဗုံးလာကြဲတာ။ အရပ်သားရော၊ PDF ရော ထိခိုက်တာတွေရှိတယ်။ ကျနော်တို့ လောလောဆယ် အဲလောက်ပဲ ပြောနိုင်သေးတယ်” လို့ ပြောပါတယ်။
“ကျမတို့သိရသလောက်က ကားသမား ၄ ဦးသေပြီး ရွာသားတွေလည်း တော်တော်များများ သေနတ်ထိထားတယ်။ လေယာဉ်တွေလည်း ဝဲနေတယ်၊ ပစ်ချလားတော့ မသိဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကရော၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကရော ထိခိုက်ကျဆုံးတွေ ရှိပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။
မီးလောင်ချောင်းမှာ တိုက်ပွဲဖြစ်ပွားနေတာကြောင့် မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမပေါ်မှာ ခရီးသည်ကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလောမြို့ခံတဦးက “ကားတွေကို ပိတ်ပြီး ဒေသခံဆိုင်ကယ်တွေက လွဲရင် ဘယ်သူ့ကိုမှ ဖြတ်ခွင့်မပေးဘူး။ ညနေ ၅ နာရီလောက် လမ်းဖွင့်ပေးမယ်လို့ ပြောတယ်။ တိတိကျကျ မသိရသေးပါဘူး” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲကို KNDO တပ်ခွဲ ၂၊ ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊ ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PRDF) နဲ့ တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်တာလို့ သိရပါတယ်။
ပုလောမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ စာရွက်စာတမ်းများ၊ တန်ဖိုးကြီးပစ္စည်းများ စနစ်တကျ ထုပ်ပိုးထားဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားဖို့ ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဇန်နဝါရီ ၂၅ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။