ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ခိုဖိတ်ကျေးရွာက ရွာသားတယောက် ဇန်နဝါရီ ၃၀ မနက် ၈ နာရီက ဝါးခုတ်သွားရင်း မိုင်းနင်းမိကာ ညာဘက်ခြေထောက်ထိသွားပြီး လားရှိုးဆေးရုံကြီးကို ပို့ဆောင်ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
ခိုဖိတ်ရွာခံတဦးက "ရွာအစပ်က ဝါးပိုးဝါးရုံမှာ ဝါးခက် - ဝါးပင်အဖျားခုတ်ဖို့မိသားစု ၃ ယောက်သွားခဲ့တာ။ မိုင်းနင်းမိချိန် အမျိုးသမီးနဲ့ ကလေးက ခပ်လှမ်းလှမ်းမှာရှိနေလို့ မထိတာ" လို့ ပြောပါတယ်။
မိုင်းနင်းမိသူက အသက် ၃၉ နှစ်အရွယ် ဦးအိုက်ဟန်ဖြစ်ပြီး သားသမီး၂ ဦးရဲ့ ဖခင်ဖြစ်တယ်လို့ ဆိုပါတယ်။
ထိတွေ့တိုက်ပွဲတွေမရှိတာ ရက် ၂၀ ကျော်ရှိလာပေမယ့် ရွာထဲမှာ နေထိုင်သူသိပ်မရှိသေးသလို ရွာသားတွေက တောထဲ တောင်ယာနဲ့ ရွာထဲကို သတင်းနားစွင့်ပြီး သွားလိုက် ပြန်လိုက်နေနေကြတယ်လို့လည်း ဒေသခံတွေနဲ့နီးစပ်သူက ပြောပါတယ်။
"သူက ဝါးခုတ် ပလိုင်းရက်ရောင်းတယ်။ ထင်းခုတ်ရောင်းတယ်။ လက်လုပ်လက်စားဆိုတော့ အခက်အခဲလည်း ရှိတယ်လေ" လို့ ရွာခံတဦးက ပြောပါတယ်။
ခိုဖိတ်ရွာမှာပဲ မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားသူ ၂ ဦး၊ လက်ထိမှန်သူ ၁ ဦးနဲ့ ဗုံးထိသူ ၁ ဦး ရှိပြီး ၁ ဦး သေဆုံးကာ ဦးအိုက်ဟန်က ၄ ဦးမြောက် ထိခိုက်နစ်နာရတဲ့ အပြစ်မဲ့ ပြည်သူ တယောက်ဖြစ်ပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွင်းမှာ မပေါက်ကွဲတဲ့ စစ်ကြွင်းလက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လက်လုပ်လက်စားမိသားစုတွေ များလာပြီး မိုင်းအသိပညာပေးတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတဦးက ပြောပါတယ်။