နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုနဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို ဇန်နဝါရီ ၃၀ ရက်က ထောင် ၁၀ နှစ်ချလိုက်ပါတယ်။
ဒါဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း ခန်းကို ဒုတိယမြောက် ထောင်ဒဏ်ချမှတ်မှုဖြစ်သလို အထွေထွေရွေးကောက်ပွဲမတိုင်မီ ၁၀ ရက်အလိုမှာ အချိန်ကိုက် ပြစ်ဒဏ်ချမှတ်မှုလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးက ပါကစ္စတန်အစိုးရထံကို ပေးပို့တဲ့ လျှို့ဝှက်ကြေးနန်းမှာ ပါရှိတဲ့ အကြောင်းအရာတွေကို အများပြည်သူကို ချပြအသိပေးခဲ့တဲ့ ကိစ္စအတွက် အမှုစွဲဆိုခံရတာ ဖြစ်ပါတယ်။
ခန်းနဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ရှားမာမွတ်ကရက်ရှီကိုပါ အထူးတရားရုံးက ထောင် ၁၀ နှစ် ချလိုက်တာဖြစ်ပါတယ်။
ခန်းရဲ့ပါတီ ပါကစ္စတန်တာရိခ်ကယ်အင်ဆက်ဖ် (PTI) ပါတီကတော့ ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်သွားမှာဖြစ်ပြီး အရှက်ရစရာ အမှုဆင်မှုမျိုးလို့ တုံ့ပြန်ခဲ့ပါတယ်။
ကမ္ဘာကျော် ခရစ်ကတ်ကစားသမားဟောင်း ခန်းကို အဂတိလိုက်စားမှုနဲ့ပါ ထောင် ၃ နှစ် ချထားပါသေးတယ်။
အဲဒီပြစ်ဒဏ်ကိုလည်း ခန်းက ကန့်ကွက်ထားတာဖြစ်တဲ့အတွက် ဆိုင်းငံ့ထားပေမဲ့ လာမယ့်အပတ် ရွေးကောက်ပွဲတော့ ဝင်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ ခန်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ထောင်ချထားတာ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက လွှတ်တော်မှာ အယုံအကြည်မရှိအဆို တင်သွင်းခံရပြီး ဖြုတ်ချခံရကတည်းက ခန်းကို အမှုအမျိုးမျိုးနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။
ခန်းက သူဖွင့်ချခဲ့တဲ့ကြေးနန်းဟာ သူ့ကို ပါကစ္စတန်စစ်တပ်နဲ့ အမေရိကန်အစိုးရက ဖြုတ်ချဖို့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုရဲ့ သက်သေဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Source/Photo-Reuters