မြန်မာစစ်ခေါင်းဆောင်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ ခရိုနီစီးပွားရေး လုပ်ငန်းရှင် ထွန်းမင်းလတ်အပေါ် စွဲချက်တင်ထားတဲ့ မူးယစ်ကုန်ကူးမှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အပြစ်မရှိဘူးလို့ ထိုင်းတရားရုံးက ဇန်နဝါရီ ၃၀ ရက်မှာ ဆုံးဖြတ်လိုက်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
အသက် ၅၄ နှစ်အရွယ် ထွန်းမင်းလတ်နဲ့ တခြားသူ သုံးဦးကို မူးယစ်မှောင်ခိုမှုနဲ့ ဆက်စပ်စွဲချက်တွေအပါအဝင် ဥပဒေချိုးဖောက်မှု ၃၂ ခုရှိတယ်လို့ စွပ်စွဲထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ရဲတပ်ဖွဲ့က စုဆောင်းထားတဲ့ သက်သေအထောက်အထားတွေဟာ ပြစ်မှုကျူးလွန်ကြောင်းဖော်ပြဖို့ မလုံလောက်ဘူးလို့ ထိုင်းပြစ်မှုဆိုင်ရာတရားရုံးက သုံးသပ်ပါတယ်။
အစိုးရရှေ့နေဘက်ကတော့ အခုစီရင်ချက်ကို အယူခံတက်နိုင်ပါတယ်။ ထိုင်းရဲတပ်ဖွဲ့ဟာ ထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဘန်ကောက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မဲဆောက်နဲ့ တာချီလိတ်အကြား လျှပ်စစ်ဓာတ်အားရောင်းဝယ်မှုကနေတဆင့် ငွေကြေးခဝါချတယ်လို့ ထိုင်းရဲတပ်ဖွဲ့က စွပ်စွဲထားပါတယ်။
ဟိုတယ်၊ စွမ်းအင်နဲ့ သတ္တုတွင်းလုပ်ငန်းတွေပါ ပိုင်ဆိုင်တဲ့ ထွန်းမင်းလတ်ဟာ မြန်မာစစ်တပ်ရဲ့ အဝယ်တော်တယောက်လို့ လူသိများပါတယ်။
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အနီးကပ်လူယုံတယောက် ဖြစ်တယ်လို့လည်း သတင်းရင်းမြစ်သုံးခုက ရိုက်တာကို ပြောပါတယ်။
၂၀၂၂ ခုနှစ်က ဘန်ကောက်မှာရှိတဲ့ သူ့ကွန်ဒိုကို ထိုင်းရဲက ဝင်စီးတုန်းက မင်းအောင်လှိုင်ရဲ့ သား နဲ့သမီးတို့ရဲ့ ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေ၊ ဘဏ်စာအုပ်တွေကိုပါ သိမ်းဆည်းမိခဲ့ပါတယ်။ ထွန်းမင်းလတ်နဲ့ ဆက်စပ်ပြီး ထိုင်းအထက်လွှတ်တော်အမတ် ဥပါကစ်ပါချာရီရန်ကွန်းကို ပြီးခဲ့တဲ့လက မူးယစ်မှောင်ခိုမှု၊ ငွေကြေးခဝါချမှုတွေနဲ့ စွဲချက်တင်ထားပြီး မေလမှာ ပထမဆုံးအကြိမ် ကြားနာမှာဖြစ်ပါတယ်။
ထွန်းမင်းလတ်နဲ့အတူ စွဲချက်တင်ခံထားရတဲ့ အထက်လွှတ်တော်အမတ်ရဲ့ သမက်ဖြစ်သူကိုတော့ တရားရုံးက စွဲချက်တွေ ရုပ်သိမ်းပေးခဲ့ပါတယ်။