ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အနေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေတွေထဲက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းနဲ့ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေ ပိတ်ပင်တားဆီးရေးလုပ်ငန်းနဲ့ လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းတွေကို ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာပါတယ်။
RCSS ရဲ့ ပြီးခဲ့တဲ့နှစ်က လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်တဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်ထိ ၃ ရက်တာ ကျင်းပပြီးနောက် ထုတ်ပြန်ကြေညာရာမှာ ထည့်သွင်းဖော်ပြထားတာပါ။
RCSS အနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ ကြိုးစားသွားမယ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်မှသာ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ဆိုပါတယ်။
ရှမ်းပြည်အမျိုးသားစည်းလုံးညီညွတ်ရေး ရေရှည်တည်တံ့ခိုင်မြဲဖို့လည်း ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ကြေညာထားပြီး အသေးစိတ်အချက်အလက်တွေနဲ့ ပတ်သက်လို့တော့ RCSS ပြောခွင့်ရပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။
ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်တဲ့ RCSS အဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ နေပြည်တော်မှာ မကြာခဏ သွားရောက်တွေ့ဆုံ ဆွေးနွေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ တခြားတိုင်းရင်းသားလက်ကိုင်တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ စစ်ကောင်စီတပ်တွေအကြား လက်ရှိဖြစ်ပွားတဲ့ ဒီပစ်ခတ်တိုက်ခိုက်မှုမှာလည်း မပါဝင်သေးပါဘူး။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကိုးကန့်ဒေသရှိ ကျားဖြန့်လုပ်ငန်းတွေ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဝင်ရောက်နှိမ်နင်းပြီး လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော် စတဲ့ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီလက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်နဲ့ ကျားဖြန့်အလုပ်နဲ့ ပတ်သက်သူတွေဟာ ရှမ်းပြည်အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသဘက်ကိုပါ ထောင်နဲ့ချီ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။
သူတို့တွေဟာ မိုင်းရယ်မြို့နယ်၊ နမ့်စန်မြို့နယ်၊ လဲချားမြို့နယ် စတဲ့ဒေသတွေဆီ ထွက်ပြေးလာကြပြီး ပြည်သူ့စစ်တွေက ကူညီစောင့်ရှောက်ကာ လုံခြုံရေးယူပေးနေတယ်လို့ ဒေသခံတချို့က ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ကတော့ တရုတ်လူမျိုးနဲ့ ကျားဖြန့်တွေ စုစုပေါင်း ၁,၀၀၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီး ကားကြီးတွေနဲ့ တင်ဆောင်သွားတာ တွေ့ရပြီး တရုတ်အစိုးရလက်ထဲ ပြန်ပို့မယ်လို့ ယူဆရကြောင်း နမ့်စန်ဒေသခံတဦးက ပြောပါတယ်။
လောက်ကိုင်မြို့တွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူ ၃၆,၀၀၀ မှ ၄၀,၀၀၀ နီးပါးကို စစ်ကောင်စီက တရုတ်နိုင်ငံဘက် တာဝန်ရှိသူတွေထံ အပ်နှံခဲ့ပေမဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကျားဖြန့်ခေါင်းဆောင်တွေကိုတော့ အပ်နှံခြင်းမရှိသေးဘဲ စစ်ကောင်စီက အကာအကွယ်ပေးထားတယ်လို့ ညီနောင် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ - ကျားဖြန့်နှင့် တရားမဝင်တရုတ်များကို စစ်ကောင်စီမှ ပြောင်းရွှေ့နေပုံ