Home
မြန်မာသတင်း
အမေရိကန် မကူညီလည်း တော်လှန်ရေး ဆက်ရှိနေမည်ဟု NUG ဝန်ကြီးပြော
DVB
·
January 29, 2024
Daw Zin Mar Aung_29012024

အမေရိကန်က မကူညီလည်း တော်လှန်ရေးက ဆက်ရှိနေမှာဖြစ်ပြီး တကယ်လိုလို့ လုပ်နေတဲ့ တော်လှန်ရေးဆိုတာ နိုင်ငံတကာသိအောင် သတင်းစကား ပေးသွားမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။

အမေရိကန် မြို့တော် ဝါရှင်တန်ဒီစီရှိ  NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဒေသစံတော်ချိန် ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက  ပြုလုပ်တဲ့ တိုင်းရင်းသားပြည်သူတွေနဲ့ NUG တာဝန်ရှိသူတွေ တွေ့ဆုံပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က အခုလို ပြောဆိုခဲ့တာပါ။

တွေ့ဆုံပွဲကို NUG ခေါင်းဆောင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ပြီး ဝါရှင်တန်ဒီစီရောက် မြန်မာပြည်သူတွေက မေးမြန်းတဲ့ နိုင်ငံခြားရေးနဲ့သက်ဆိုင်တဲ့ မေးမြန်းချက်တွေကို နိုင်ငံခြားရေးဝန်ကြီးက ဦးဆောင် ရှင်းလင်းဖြေဆိုခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က “စစ်မှန်တဲ့ အပြောင်းအလဲဆိုတာ အတွင်းကပဲ စတာဖြစ်တယ်။ ကျမတို့ရဲ့ တော်လှန်ရေးဟာ ဘယ်သူကမှ Import လာလုပ်တာမဟုတ်ဘူး။ ကိုယ့်ပြည်သူလူထု ရုန်းကန်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ တိုင်းရင်းသားတွေဆိုရင်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တန်းတူညီမျှမှုအတွက် လွတ်လပ်ရေးရပြီးကတည်းက ရုန်းကန်ခဲ့ရတာ။ ကျမတို့ ဗမာလူများစုတွေဆိုရင်လည်း ဒီမိုကရေစီစနစ်ကို လိုချင်လွန်းလို့ ဘယ်လောက် အသက်တွေ ပေးခဲ့ကြရပြီးပြီလဲ၊ ဘယ်လောက် ဘဝတွေ ပျက်ခဲ့ကြရပြီလဲ။ ဒီထဲမှာ အများကြီးပါတယ် ကျမတို့ နိုင်ငံရေးအကျဉ်းသားတွေ။ ကျမတို့လိုလားတဲ့ နိုင်ငံရေးစနစ် ပြည်ထောင်စုစနစ်ဟာ ကျမတို့တွေ တကယ်လိုအပ်လို့ တောင်းဆိုနေကြတာဖြစ်တယ် ဆိုတာကို ကျမတို့ ကမ္ဘာကို ကျယ်ကျယ်လောင်လောင် ပြောလေ့ပြောထရှိတယ်။ အိမ်နီးနားချင်းနိုင်ငံတွေကို ပြောလေ့ပြောထရှိသလို ကျမ တင်းတင်းရင်းရင်းပဲ ပြောတယ်။ အမေရိကန်ပြည်ထောင်စုက မကူညီလည်း ဒီတော်လှန်ရေးက ဆက်လုပ်နေမှာပဲ။ ဒါ ငါတို့ တကယ်လိုလို့ လုပ်နေတယ်ဆိုတာ သတင်းစကားမျိုး ကျမတို့ပေးမှာ၊ အဲ့ဒါကြောင့်မို့လို့ကို ကျမတို့ အောင်မြင်မယ်လို့ ယုံကြည်တယ်။ သင်းသတ်သလို သတ်ခဲ့တဲ့ကြားထဲက ကျမတို့ ပြန်ပြီးတော့ အညွန့်အတက်တွေနဲ့ ထွက်ခဲ့ကြပြီ ဖြစ်တယ်၊ ဒီလောက် ဖိနှိပ်တဲ့ကြားထဲက” လို့ ပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်တာ ကြာလာချိန်အထိ အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေရဲ့ အားပေးကူညီမှုကို မြန်မာပြည်သူတွေဟာ မျှော်မှန်းထားသလို မရခဲ့ဘဲ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေဟာလည်း သန်းနဲ့ချီတဲ့ စစ်ဘေးသင့် ပြည်သူတွေဆီကို မရောက်လာခဲ့ပါဘူး။

ဇန်နဝါရီ ၁ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံဆိုင်ရာသဘောထား ထုတ်ပြန်ခဲ့တာမှာ တရုတ်တနိုင်ငံတည်းမူကို ထောက်ခံကြောင်းဖော်ပြထားတဲ့အတွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က  ဒီထုတ်ပြန်ချက်အပေါ် ဝေဖန်ခဲ့ကြပါတယ်။

ဝန်ကြီး ဒေါ်ဇင်မာအောင်က “ကျမ အစိုးရိမ်ဆုံးက ဒီမှာ ပြည်သူလူထုကို ကျမယုံတယ်။ ကျမသံသယရှိတာ နိုင်ငံတကာကိုပဲ။ နိုင်ငံတကာက ကျမတို့ ဆူညံပွက်လောရိုက်နေတဲ့ဟာကို နားပူတဲ့အခါမျိုးမှာ လွှတ်ချချင်တဲ့ အနေအထားမျိုးတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ကျမတို့ ဒီတော်လှန်ရေးက ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်နေကြတဲ့ တော်လှန်ရေးဖြစ်တယ်။ အဲဒီအတိုင်းပဲ ဆက်သွားမယ်။ ကျမတို့မှာ ဘယ်လိုမျိုး တိုင်းပြည်ကို ထူထောင်မလဲဆိုတဲ့ မျှော်မှန်းချက် ရှိထားပြီး ဖြစ်တယ်။ အဲ့ဒီမျှော်မှန်းချက်ကို ဖော်ဆောင်တဲ့အခါမှာ ဘယ်လို အခြေခံနှုန်းစံတွေနဲ့ သွားမလဲဆိုတာ ဒီ Community မှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုခေါင်းဆောင်တွေ ပြောဆိုသွားကြတာတွေလည်း ရှိတယ်။ ကျမတို့တွေကြားထဲမှာ ပုံမှန် ဒိုင်ယာလော့ခ် ရှိနေပါတယ်။ နိုင်ငံတကာဆိုတာ နိုင်မယ့်မြင်းကို လောင်းတာ။ ကျမတို့ နိုင်အောင်လုပ်ဖို့ပဲ လိုတယ်။ အခု မြေပြင်မှာ ဒီလောက်တိုးတက်နေတာ၊ ဒီလောက် ခိုင်ခိုင်မာမာရှိတဲ့ အောင်မြင်မှုတွေ ရခဲ့တာ ကျမတို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုကြောင့်ပဲ။ ဘယ်အပြင်ကမှ လာလို့မရဘူး၊ အပြင်ကမှ လာလို့ရှိရင်လည်း စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ တော်လှန်ရေးမှာ မြင်သာတဲ့ အရွေ့တွေ ဖြစ်ပေါ်ခဲ့ပြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အားပြိုင်မှုတွေဟာ ပိုမိုထင်ရှားလာတာပါ။

နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ မျက်နှာစာမှာတော့ စစ်ကောင်စီကို ကိုယ်စားပြုသူတွေ လုံးဝမပါဝင်လာနိုင်အောင် ဆက်လက်ကြိုးစားနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

“စိန်ခေါ်မှုကတော့ အမြဲတမ်းရှိပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်အနေနဲ့လည်း သူတို့ နိုင်ငံတကာမှာ ဝင်တိုးနိုင်အောင် သူတို့ ကြိုးစားလာတာတွေလည်း အများအမြင်ပဲဖြစ်တယ်။ ဒေသတွင်း အဖွဲ့အစည်းတွေကနေတဆင့် ကြိုးစားနေတာတွေလည်း ရှိတယ်။ ဒီမိုကရေစီ အင်အားစုတွေကို အားပေးတဲ့ နိုင်ငံတွေပဲဖြစ်ဖြစ်၊ စစ်တပ်ကိုပဲ ဆက်ဆံရေးကောင်းတဲ့ နိုင်ငံတွေပဲဖြစ်ဖြစ် ပြည်သူရဲ့အသံ ပြည်သူရဲ့ဆန္ဒကို ပိုပြီးတော့ အလေးထားအောင်၊ ပိုပြီးတော့ အားပေးလာအောင် ကျနောာ်တို့ပြည်သူတွေအနေနဲ့ ဝိုင်းတွန်းဖို့လိုတယ်။ ကျနော်တို့ နယူးယောက်မျက်နှာစာပိုင်းအနေနဲ့ ကြည့်တယ်ဆိုရင်လည်း ကျနော့်အနေနဲ့လည်း တောက်လျှောက် ပြည်သူ့အသံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြားအောင် ဆက်ပြီးတော့ လွှင့်နေဦးမှာပဲ။ တချိန်တည်းမှာပဲ စစ်တပ်က ကိုယ်စားပြုတဲ့လူတွေ UN မျက်နှာစာမှာ လုံးဝကိုယ်စားမပြုနိုင်အောင် ကျ‌နော် ဆက်လက်ပြီးတော့ ကြိုးစားဆောင်ရွက်သွားနေမှာပဲ ဖြစ်ပါတယ်။”

ဝါရှင်တန်ဒီစီရောက် မြန်မာတွေက နိုင်ငံခြားရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး၊ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်းက စီမံကိန်းတွေအရေး၊ အနောက်အင်အားကြီးနိုင်ငံတွေနဲ့ ဆက်ဆံရေး စတာတွေကို အဓိက မေးမြန်းခဲ့တာ တွေ့ရပါတယ်။

ဒီမေးမြန်းချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန စတင်ထူထောင်ကတည်းက ကြေညာခဲ့တဲ့မူဝါဒ၊ ထုတ်ပြန်ချက်တွေအတိုင်း တစိုက်မတ်မတ်ရှိနေပြီး လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကိုင်စွဲထားတယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024